News

POST TYPE

LOCAL

တန် ၅၀၀၀ ကျ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံကို ဒေသခံများဆန္ဒပြ
26-Jan-2018


မန္တလေး၊ ဇန်နဝါရီ ၂၅

ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီးတွင် မြင့်ကုမ္ပဏီအုပ်စုက တစ်ရက်လျှင် တန် ၅၀၀၀ ကျ ကျောက်မီးသွေးသုံးဘိလပ်မြေစက်ရုံ တည်ဆောက်နေခြင်းကို ကန့်ကွက်ကြောင်း ဒေသခံ ၁၀၀ ကျော်က ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက်ပိုင်းက ဆန္ဒပြခဲ့ကြသည်။

အဆိုပါစက်ရုံ တည်ဆောက်နေသော စီမံကိန်းဧရိယာသည် အောင်သပြေ၊ တောင်ပုလု၊ သရက်ကိုင်း၊ မြက်သာ၊ ထုံးဘို၊ စာတိုက်တကာ၊ တောင်ကန်၊ ပြည်သာယာ စသည့်ကျေးရွာများနှင့် ထိစပ်လျက်ရှိကြောင်း၊ စီမံကိန်းအတွက် ကျေးရွာချင်းဆက်လမ်းကို အသုံးပြုကာ ကျေးရွာကုန်ထုတ်လမ်းကို အဆင့်မြှင့်တင်မည်ဟု သိရှိထားကြောင်း၊ ကျေးရွာချင်း ဆက်လမ်းသည် နယ်စပ်ရေးရာဝန်ကြီးဌာနက ပြုလုပ်ပေးထားသည့်လမ်းဖြစ်ကြောင်း၊ အကျယ် ၁၈ ပေနှင့် အမြင့်လေးပေရှိပြီး နှစ်မိုင်ကျော်ရှည်သည့် ယင်းလမ်းကို အဆင့်မြှင့်တင်၍ ကွန်ကရစ်လမ်းအဖြစ် အသုံးပြုမည်ကို လက်မခံကြောင်း၊ ကျောက်မီးသွေးကို အသုံးပြုမည်ဖြစ်သဖြင့် ဒေသခံများ၏ လူမှုစီးပွား ထိခိုက်လာနိုင်သဖြင့် ကန့်ကွက်ရခြင်းဖြစ်ကြောင်း အောင်သပြေကျေးရွာဒေသခံအချို့က ပြောကြားသည်။

“ကျောက်မီးသွေးလောင်စာသုံးစွဲတဲ့အတွက် ဒေသခံတွေရဲ့ စိုက်ခင်းတွေ ပျက်စီးနိုင်တဲ့ အနေအထားတွေ ရှိလာနိုင်တယ်။ ကျောက်မီးသွေးကထွက်တဲ့ စွန့်ပစ်တဲ့အညစ်အကြေးတွေကြောင့်လည်း သဘာဝပတ်ဝန်းကျင် ထိခိုက်လာနိုင်ပါတယ်။ ကျွန်တော်တို့တွေ အသုံးပြုနေတဲ့ ရွာထိပ်က ရေကန်ကြီးလည်း ပျက်စီးမှု တွေကြုံတွေ့လာနိုင်တယ်”ဟု ဆန္ဒပြပွဲ ကိုဦးဆောင်သည့် အောင်သပြေကျေးရွာဒေသခံ ဦးရွှေအုံးက ပြောဆိုသည်။

ပုသိမ်ကြီး မြို့နယ်အတွင်းရှိ ဒဟတ္တော၊ မြကန်သာ၊ သရက်ကိုင်း၊ အောင်သပြေ ကျေးရွာမှ ဒေသခံများ၊ မတ္တရာမြို့နယ်အတွင်းရှိ ထုံးဘို၊ ကင်းရွာ၊ တောင်ကန် စသည့်ကျေးရွာတို့မှ ဒေသခံတောင်သူ ၁၀၀ ကျော် ပါဝင်ခဲ့ပြီး ဆန္ဒဖော်ထုတ်မှုကို နံနက် ၁၀ ရီခန့်တွင် စတင်ခဲ့ကာ သရက်ကိုင်းကျေးရွာမှ အောင်သပြေကျေးရွာထိ လမ်းလျှောက်ချီတက်ခဲ့ကြသည်။

အဆိုပါဘိလပ်မြေစက်ရုံ တည်ဆောက်ခြင်းနှင့်ပတ်သက်သည့် လူထုတွေ့ဆုံပွဲတစ်ရပ်ကို စီမံကိန်းအကောင်အထည်ဖော်မည့် Myanmar Conch Cement (Mandalay ) Co., Ltd. က ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ပုသိမ်ကြီး မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ဒေသခံများနှင့် တွေဆုံခဲ့သည်။

ဘိလပ်မြေစက်ရုံတည်ဆောက်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရန် ပတ်ဝန်းကျင်ဆန်းစစ်မှုများ ပြုလုပ်မည်ဖြစ်ကာ ဒေသခံများ၏ အကြံပြုချက်များကို ရယူသွားမည်ဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင်ဆန်းစစ်ခြင်းလုပ်ငန်းတွင် ဇီဝဗေဒဆိုင်ရာ အချက်အလက်ကောက်ယူခြင်း၊ ရူပဆိုင်ရာ အချက်အလက်ကောက်ယူခြင်းနှင့် လူမှုဝန်းကျင်ဆိုင်ရာ အချက်အလက်ကောက်ယူခြင်း လုပ်ငန်းများကို လုပ်ဆောင်မည်ဖြစ်ကြောင်း Myanmar Conch Cement (Mandalay ) Co., Ltd. မှ ကုန်ထုတ်တာဝန်ခံ ဦးခင်မောင်တင့်က ပြောကြားသည်။

“ခုလိုဆန္ဒဖော်ထုတ်တာနဲ့ ပတ်သက်ပြီးတော့ အထွေအထူးပြောစရာမရှိပါဘူး။ ကျွန်တော်တို့သိထားတာက ဘိလပ်မြေစက်ရုံတည်မှာကို လူနည်းစုကပဲ ကန့်ကွက်နေတာပါ။ ဒီလိုသိထားတယ်။ နေရာတိုင်းမှာတော့ ဒီလိုလူတွေရှိနေမှာပါပဲ”ဟု ဦးခင်မောင်တင့်က ပြောဆိုသည်။

အဆိုပါစီမံကိန်းသည် ပုသိမ်ကြီးမြို့နယ် ဒဟတ္တောကျေးရွာအုပ်စု အောင်သပြေရွာအနီးတွင်တည်ရှိပြီး စက်ရုံဧရိယာအနေနှင့် ဧက ၂၀၀ ကျော်ရှိကာ ထုံးကျောက်တောင်ဧက ၆၁၇ မှနေ၍ ကျောက်ထုတ်လုပ်မည်ဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင် ဆန်းစစ်ခြင်းလုပ်ငန်းများကို ၂၀၁၈ ခုနှစ် ဩဂုတ်လအထိ ပြုလုပ်သွားမည်ဖြစ်ကာ စက်ရုံတည်ဆောက်ရေးလုပ်ငန်းများကို ၂၀၁၈ ခုနှစ် တတိယသုံးလပတ်အတွင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းစတင်လည်ပတ်မှုအနေနှင့် ၂၀၂၁ ခုနှစ်တွင် စတင်မည်ဖြစ်ကြောင်း Myanmar Conch Cement (Mandalay ) Co., Ltd. ထံမှ သိရသည်။

M-05