News

POST TYPE

LOCAL

ကလေးစစ်သားဟောင်း အောင်ကိုထွေးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် စွဲချက်တင်
17-Jan-2018


ရန်ကုန်၊ ဇန်နဝါရီ ၁၇ 

ကလေးစစ်သားအဖြစ် စုဆောင်းခံရပြီး ဖြတ်သန်းခဲ့ရသော အတွေ့အကြုံများကို ရုပ်သံမီဒီယာတစ်ခု ဖြေကြားခဲ့သော အောင်ကိုထွေးကို ယနေ့ (ဇန်နဝါရီလ ၁၇ ရက်) နေ့လယ်ပိုင်းက ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ)ဖြင့် စွဲချက်တင် အမိန့်ချလိုက်ကြောင်း ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် တရားရုံးထံမှ သိရသည်။

စွဲချက် အမိန့်ချမှတ်ခံရသူ အသက် ၂၆ နှစ်အရွယ် အောင်ကိုထွေးကို ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်အောင်က ဩဂုတ်လ ၁၈ ရက်နေ့တွင် နိုင်ငံတော် အကြည်အညို ပျက်စေမှုပုဒ်မ ၅၀၅ (ခ)ဖြင့် ဦးတိုက် လျှောက်ထားတရားစွဲဆို စစ်ဆေးခဲ့ပြီး ၎င်း၏ မီဒီယာအပေါ် ဖြေကြားချက်များသည် နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေသည့်ပြစ်မှုကို တစ်ဦးတစ်ယောက်သောသူက ကျူးလွန်ချင်လာအောင် ပြောဆိုခြင်းဖြစ်သည်ဟု သုံးသပ်ကြောင်း မြို့နယ်တရားသူကြီးက တရားခွင်တွင် ပြောကြားကာ စွဲချက်တင် အမိန့်ချခဲ့ခြင်းဖြစ်သည်။

“ကျနော်က အသက် ၁၄ နှစ်အရွယ်မှာ ကလေးစစ်သားအဖြစ် စုဆောင်းခံရတာကို ILO ကိုလည်း တိုင်ထားတယ်။ အဲဒီအမှုလည်း ပိတ်သိမ်းပေးခြင်း မရှိသေးဘူး၊ ကလေးစစ်သားဘဝ အတွေ့အကြုံတွေကို ပြောကြားခဲ့ခြင်းဖြစ်လို့ အပြစ်မရှိပါဘူး”ဟု မြို့နယ်တရားသူကြီး၏ အပြစ် ရှိ၊ မရှိ တရားခွင်တွင် မေးမြန်းချက်ကို ကိုအောင်ကိုထွေးက ပြန်လည် ဖြေကြားခဲ့သည်။

ယင်းရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ)ဖြင့် တရားစွဲဆိုခံရသူ ကိုအောင်ကိုထွေးသည် ၂၀၀၅ ခုနှစ်ခန့်က နေပြည်တော်မှ အပြန် ရန်ကုန်ဘူတာကြီးတွင် ကလေးစစ်သားအဖြစ် စုဆောင်းခံရပြီး ၂ နှစ်ကျော်ကြာ တပ်မှထွက်ပြေးလာစဉ် ၎င်းနှင့်အတူ ထွက်ပြေးလာသူတစ်ဦးက ဆိုင်ကယ်လုရင်း လူသတ်မိရာက ကြံရာပါအဖြစ် သေဒဏ်ချမှတ်ခံရကာ သေဒဏ်မှတစ်ဆင့် တစ်သက်တစ်ကျွန်းဒဏ်၊ ယင်းကျွန်းဒဏ်မှတဆင့် ထောင်ဒဏ် ၁၀ နှစ်သို့ ပြောင်းလဲကျခံရကာ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့က မန္တလေးအိုးဘိုထောင်မှ ပြန်လည် လွတ်မြောက်လာသူဖြစ်သည်။

ထိုသို့ ပြန်လည် လွတ်မြောက်လာပြီးနောက် ၎င်း၏ အတွေ့အကြုံများကို ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့က RFA ရုပ်သံ သတင်းဌာနနှင့် ရုပ်သံအင်တာဗျူးတွင်ဖြေဆိုခဲ့ရာ ယင်းဖြေကြားချက်များသည် တပ်မတော်အပေါ် အကြည်အညိုပျက်စေရန် ရည်ရွယ်ဖြေကြားသည်ဟုဆိုကာ ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်အောင်က ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့ပြီး တရားလိုပြ သက်သေအဖြစ် လေးဦးကို စစ်ဆေးကာ ယနေ့တွင် စွဲချက်တင်အမိန့် ချမှတ်ခဲ့ခြင်းဖြစ်သည်။

J-16