News

POST TYPE

LOCAL

အစိုးရထီလက်မှတ်များကို ကျပ် ၅၅၀ ဖြင့် လက်ကားဖြန့်

မန္တလေး၊ ဇန်နဝါရီ ၈

ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ ကိုယ်စားလှယ် ယူထားသူများအနေနှင့် အစိုးရထီလက်မှတ် တစ်စောင်လျှင် ကျပ် ၅၅၀ နှုန်းဖြင့် လက်ကားဖြန့်ဖြူးနေကြောင်း လက်လီရောင်းချနေသူများထံမှ သိရသည်။

ယင်းသို့ ဈေးတင်ရောင်းချနေသောကြောင့် လက်လီရောင်းချသူများအနေနှင့် အခက်အခဲဖြစ်ရသည်ဟု ၎င်းတို့က ပြောဆိုသည်။

“ထီတစ်စောင်ရဲ့ဈေးနှုန်းက ၄၉၈ ကျပ်ပဲ ရှိပါတယ်။ လက်ပွေ့သမားတွေ၊ လက်လီသမားတွေအနေနဲ့ သူတို့ကိုယ်တိုင် သွားမထုတ်နိုင်ဘူး။ သူတို့သွားထုတ်ရင် နံပါတ် တစ်မျိုးတည်းပဲ ရနိုင်တယ်။ သူတို့အနေနဲ့ ဝေဝေဆာဆာ ရောင်းလို့မရနိုင်ဘူး။ ဆိုတော့ ကျွန်တော်တို့က ဒီနံပါတ်တွေခွဲ အက္ခရာ မတူ၊ ဂဏန်းတူ ဆိုတာမျိုးတွေ ရွေးပြီးတော့ ရောင်းအားကောင်းဖို့ ပြင်ဆင်ရတယ်။ ဒီဇိုင်းတွေ လုပ်ရတယ်။ ဒါတွေအတွက် ဝန်ဆောင်ခ ၅၆ ကျပ် ပေါင်းတယ်။ ဒီအခါ ၅၅၂ ကျပ်ဖြစ်သွားတယ်”ဟု ထီကိုယ်စားလှယ် ရယူထားသည့် မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေထီဆိုင် (ပင်ရင်း) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မိုးယံထီဆိုင်အပါအဝင် ထီကိုယ်စားလှယ်များအနေနှင့် လက်ခွဲဆိုင်များထံသို့ လက်ကားဖြန့်သည့်ဈေးမှာ ထီတစ်စောင်လျှင် ကျပ် ၅၅၀ ကနေစ၍ ရောင်းချနေသည်ဟု လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့နေခြင်းနှင့်ပတ်သက်၍ ၎င်းက ပြောကြားခြင်းဖြစ်သည်။

ဒီဇင်ဘာလ၊ ဇန်နဝါရီလနှင့် မတ်လတို့သည် ထီရောင်းအား အကောင်းဆုံးလများဖြစ်ပြီး ဝယ်လိုအားများသည့်အချိန်တွင် ဈေးနှုန်းထိန်းချုပ်ရန် ခက်ခဲ့ကြောင်း၊ ဖေဖော်ဝါရီလနှင့် ဧပြီလတို့တွင်မူ ဈေးကျလေ့ရှိကြောင်း မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေထီဆိုင် (ပင်ရင်း) ထံမှ သိရသည်။

ကျပ် ၅၀ဝ တန် ထီလက်မှတ်များကို ၂၀၁၇ ခုနှစ် မတ်လက စတင်ကာ တစ်စောင်လျှင် ၅၀ဝ ကျပ်နှုန်းဖြင့် ရောင်းချပေးနေကြောင်း၊ ထီအရောင်းကိုယ်စားလှယ်များ  ဈေးတင်ရောင်းချခြင်း မရှိစေရန် ထီတစ်အုပ်လျှင် ၁၀ဝ ကျပ်နှုန်းဖြင့် သုံးလစာ စပေါ်ငွေ ပေးသွင်းထားရကြောင်း၊ စည်းကမ်းဖောက်ဖျက်ပါက စပေါ်ငွေ သိမ်းဆည်းခြင်း၊ အမည်ပျက်စာရင်း သွင်းခြင်း၊ ထီဝယ်ယူမှု ရပ်ဆိုင်းခံရခြင်းများ ပြုလုပ်နိုင်ကြောင်း မန္တလေးတိုင်း ပြည်တွင်း အခွန်များဦးစီး ဌာနထံမှ သိရသည်။

“ဒီကို လာပြောကြတာတွေ ရှိတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အတတ်နိုင်ဆုံး ဈေးနှုန်းပြန်လျှော့ပေးဖို့ ညှိနှိုင်းပေးပါမယ်။ မလိုအပ်ဘဲ ဈေးမကြီးရအောင် ညှိနှိုင်းပေးနေပါတယ်။ ဈေးချဖို့ ပြောထားတယ်။ ဈေးမချနိုင်ရင်တော့ စပေါ်ငွေ သိမ်းပါမယ်။ ပါမစ် ပိတ်ပါမယ်”ဟု မန္တလေးတိုင်း ပြည်တွင်း အခွန်များ ဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲမှ အရာရှိတစ်ဦးက ပြောကြားသည်။

“ထီဈေးနှုန်း မကြီးဖို့ဆိုရင် ပုဂ္ဂလိက ထီကိုယ်စားလှယ်တွေနဲ့ ရောင်းတဲ့သူတွေကို စည်းကမ်းနဲ့အညီ ထိန်းချုပ်ဖို့လိုသလို အောင်ဘာလေ သိန်းဆုဌာနအနေနဲ့လည်း အများပြည်သူ အလွယ်တကူ ကံစမ်းနိုင်တဲ့ ထီဆိုင်တွေ မြို့တိုင်းမှာဖွင့်နိုင်ရင် ဒီပြဿနာ အဆင်ပြေမယ် ထင်ပါတယ်”ဟု မန္တလေးမြို့မှ ထီဝါသနာရှင်တစ်ဦးက ပြောဆိုသည်။

အောင်ဘာလေထီသည် ၁၉၃၈ ခုနှစ်က ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး ယင်းအချိန်က ထီတစ်အုပ်လျှင် ၁၁ စောင်ပါရှိကာ ထီလက်မှတ် ဈေးနှုန်းအနေနှင့် တစ်စောင်လျှင် နှစ်ကျပ်၊ ငါးကျပ်၊၂၀ဝ ကျပ်စသည်ဖြင့် တန်ဖိုး သတ်မှတ်ရောင်းချခဲ့ရာမှ လက်ရှိတွင် ကျပ်ငါးရာအဖြစ် ပြည်တွင်း အခွန်များ ဦးစီးဌာန၊ အောင်ဘာလေ သိန်းဆုဌာနခွဲက တန်ဖိုးသတ်မှတ် ရောင်းချနေခြင်းဖြစ်သည်။ 

M-05