News

POST TYPE

LOCAL

ကောင်းမှုတော်စေတီ ထုံးသင်္ကန်းပြန်ကပ်နိုင်ရေး လှုပ်ရှားမှုစတင်
08-Jan-2018


မန္တလေး၊ ဇန်နဝါရီ ၇

စစ်ကိုင်းမြို့တော်ရှိ ရာဇမဏိစူဠာ ကောင်းမှုတော်စေတီကို ရွှေသင်္ကန်းဖြင့် ကပ်လှူပူဇော်ထားရာမှ မူလအတိုင်း အဖြူရောင် ထုံးသင်္ကန်း ပြန်လည်ကပ်လှူ ပူဇော်နိုင်ရေးလှုပ်ရှားမှု ဇန်နဝါရီလ ၆ ရက်နေ့က စတင်နေပြီဖြစ်ကြောင်း စစ်ကိုင်းမြို့မိမြို့ဖအဖွဲ့ထံမှ သိရသည်။

ကောင်းမှုတော်စေတီ လုံးတော်ပြည့်ထုံးသင်္ကန်း ပြန်လည်ကပ်လှူမည့်အစီအစဉ်ကို သဘောတူကြောင်း ဆန္ဒပြုလက်မှတ်များ ဇန်နဝါရီလ ၆ ရက်နေ့ကစ၍ ကောက်ယူနေခြင်းဖြစ်ပြီး စစ်ကိုင်းမြို့မိမြို့ဖအဖွဲ့က ဦးဆောင်ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ အဆိုပါလုပ်ရှားမှုတွင် ပါဝင်နိုင်ရန် စစ်ကိုင်းမြို့ရှိ လူငယ်အဖွဲ့များနှင့်လည်း တွေဆုံရန်ရှိကြောင်း စစ်ကိုင်းမြို့မိမြို့ဖအဖွဲ့ အတွင်းရေးမှူး ဦးဇော်ဝင်းက ပြောကြားသည်။

“အများပြည်သူ တောင့်တနေတာကလည်း ကောင်းမှုတော်ဘုရားကို ထုံးသင်္ကန်းနဲ့ ပြန်ပြီးကြည်ညိုချင်ကြတာ အဓိကပါပဲ။ ဒီလှုပ်ရှားမှုကို ဇန်နဝါရီလကုန်လောက်အထိ လုပ်မယ်။ ပြီးရင် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ထံ တင်ပြသွားမယ်” ဟု ၎င်းက ရှင်းပြသည်။

ရာဇမဏိစူဠာ ကောင်းမှုတော်စေတီသို့ ယခင်နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်မိသားစု ဘုရားဖူးလာရောက်ခဲ့ရာ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာ ၁၉ ရက်နေ့နောက်ပိုင်း ကျပ်သိန်း ၃၅၄၀ အကုန်အကျခံကာ ရွှေသင်္ကန်းများ ကပ်လှူခဲ့ခြင်းဖြစ်သည်ဟု ဂေါပကမှတ်တမ်းများအရ သိရသည်။

ကောင်းမှုတော်စေတီ ထုံးသင်္ကန်း ပြန်လည်ကပ်လှူပူဇော်နိုင်ရေးနှင့် ပတ်သက်၍ စစ်ကိုင်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သိန်းက ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်းက ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် မေးမြန်းခဲ့ဖူးရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ရွှေဆေးသက်တမ်း ကုန်ဆုံးသည့်အချိန်တွင် ထုံးသင်္ကန်း ပြန်လည်ကပ်လှူပူဇော်ရေးနှင့် ပတ်သက်၍ ဩဝါဒါစရိယ ဆရာတော်ကြီးများ၏ ဆန္ဒနှင့်အညီ တိုင်းအစိုးရအဖွဲ့၊ သက်ဆိုင်ရာဂေါပကအဖွဲ့နှင့် ဒေသခံပြည်သူများ ညှိနှိုင်းဆောင်ရွက်မည်ဟု ယင်းအချိန်က ဖြေကြားခဲ့သည်။

“သူတို့ဆန္ဒအရ လုပ်တာဖြစ်တဲ့အတွက် ဘာမှမပြောလိုဘူး။ သူတို့က  စစ်ကိုင်းမြို့တင်ကောက်တာ။ ဒီဘုရားက စစ်ကိုင်းတစ်တိုင်းလုံးနဲ့ သက်ဆိုင်တယ်။ တစ်ပြည်လုံးနဲ့ဆိုင်တယ်။ ဒီလိုအနေအထားမှာ စစ်ကိုင်းတစ်မြို့တည်းကောက်တာက အဓိပ္ပာယ်မရှိဘူးလို့ ယူဆတယ်။ စစ်ကိုင်းမြို့တင်ကောက်ပြီး လုပ်လို့ကတော့ တရားဝင်တယ်လို့ ပြောလို့မရဘူးပေါ့”ဟု ကောင်းမှုတော်ဘုရား ဂေါပကဥက္ကဋ္ဌ ဦးတုတ်က ပြောကြားသည်။

အဆိုပါစေတီကို မူလအတိုင်း ထုံးသင်္ကန်း ပြန်လည်ကပ်လှူပူဇော်မည် (သို့မဟုတ်) ရွှေသင်္ကန်းသာကပ်လှူပူဇော်မည်နှင့် ပတ်သက်သည့် လူထုသဘောလက်မှတ်များ ကောက်ယူခြင်းကို စစ်ကိုင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ကာ ၂၀၁၆ ခုနှစ်က ပြုလုပ်ခဲ့ဖူးသည်။

ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရားကြီးကို သက္ကရာဇ် ၉၉၈ ခုနှစ်တွင် သီရိသုဓမ္မရာဇာ မဟာဓိပတိ သာလွန်မင်းတရားကြီးက စတင်တည်ထားခဲ့ပြီး သက္ကရာဇ် ၁၀၁၂ ခုနှစ်တွင် ပြီးစီးခဲ့ရာ လက်ရှိတွင် သက်တမ်း ၃၈၀ ရှိနေပြီဖြစ်ကာ ခေတ်အဆက်ဆက် အလှူရှင်များက ၂၀၁၀ ပြည့်နှစ် နှစ်ကုန်ပိုင်းအထိ ထုံးသင်္ကန်းသာ ကပ်လှူပူဇော်ခဲ့ကြသည်။

M-05