News

POST TYPE

LOCAL

ရန်ကုန်မြစ်အတွင်း စက်တပ်ရေယာဉ်များ ပြေးဆွဲမှုကို အစိုးရ စည်းကမ်းတင်းကျပ်
25-Dec-2017

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

ရန်ကုန်မြစ်အတွင်း ပြေးဆွဲနေ သည့် မြင်းကောင်ရေ ၂၀ အောက် စက်တပ်ရေယာဉ်များ အသက်ကယ်အင်္ကျီ အပါအဝင် အရေးပေါ် ကယ်ဆယ်ရေး ပစ္စည်းများ တပ်ဆင်ထားခြင်း မရှိပါက ပြေးဆွဲခွင့် ရာသက်ပန် ပိတ်သိမ်းသည့်အထိ အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။

“စက်လှေတွေ အခြေပြုပြေးဆွဲ နေတဲ့ဒလ၊ ဆိပ်ကြီး-ခနောင်တိုနဲ့ ကြည့်မြင် တိုင် တစ်ဖက်ကမ်းအားလုံးပါမယ်။ အရေး ပေါ် ကယ်ဆယ်ရေးပစ္စည်းတွေ အသင့်ရှိ နေရပါမယ်။ ရေယာဉ်ရဲ့ စက်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု ရှိ၊ မရှိလည်းစစ်မယ်။ မလိုက်နာရင် လိုင်းဆွဲခွင့်ပိတ်တာမျိုးလုပ်မယ်”ဟု အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

ရန်ကုန်မြစ်အတွင်း မြင်းကောင်ရေ ၂၀ အောက် စက်တပ်သမ္ဗန်ယာဉ် တစ်ထောင်ကျော် ပြေးဆွဲနေပြီး ရေကြောင်း ဦးစီးဌာနနှင့် မြို့နယ်အဆင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတို့က ရေကြောင်း ကျွမ်းကျင်မှု ရှိ မရှိ စစ်ဆေး၍ မောင်းနှင့် ခွင့်လိုင်စင်ထုတ်ပေးရကြောင်း ဆိပ်ကမ်းမြို့ နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစံကျော် က ပြောဆိုသည်။

“အရင်တုန်းက မိုးလင်းမှ စက်လှေတွေ ထွက်ခိုင်းတယ်။ နောက်ပိုင်း တင်းတင်းကျပ်ကျပ် မလုပ်တော့ ပြန်ဆွဲကြတယ်။ စက်လှေမှောက်ရင် လိုင်းပိတ်သိမ်းအရေးယူတယ်ပေါ့။ မြစ်ရေစီးနှုန်းက အတက်အကျကြမ်းတော့ အန္တရာယ် များလာတယ်။ စက်လှေတွေရဲ့ လုံခြုံရေးပိုင်းနဲ့ပတ်သက်ပြီး လွှတ်တော်မှာ ဆွေးနွေးဖို့ရှိပါတယ်”ဟု ၎င်းကရှင်းပြသည်။

မြင်းကောင်ရေ ၂၀ အောက် စက်တပ်သမ္ဗန်ယာဉ်များ နံနက် ၅ နာရီခန့်အထိ စက်လှေပြေးဆွဲခွင့် ပိတ်ထားရန် စီစဉ်နေသော်လည်း အရောင်းအဝယ်ပြု လုပ်နေသော ဈေးသည်အများစု ယင်းအချိန်တွင် ကူးသန်းသွားလာနေခြင်းကြောင့် တိုင်းအစိုးရအဖွဲ့နှင့်ညှိနှိုင်း၍ ပြန်လည် စိစစ်မည်ဖြစ်ကြောင်းလည်း အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။

ရန်ကုန်မြစ်တစ်ဖက်ကမ်းရှိ ဆိပ်ကြီး -ခနောင်တို၊ ဒလ၊ တွံတေးတို့မှ ရန်ကုန်မြို့ဘက်သို့လာရောက်၍ ကုန်စည်ကူးသန်းခြင်း၊ ရုံးတက် ရုံးဆင်း လုပ်ခြင်း၊ နေ့စား အလုပ် လုပ်ကိုင်ခြင်းတို့အတွက် နေ့စဉ် သမ္ဗန်စီးနင်းသူ တစ်သောင်းကျော်ရှိကြောင်း ရေကြောင်းဦးစီးဌာန မှတ်တမ်းအရ သိရသည်။

ဒလမြို့နယ် ကမာကဆစ်ဆိပ်ကမ်းမှ ဆိပ်ကမ်းမြို့နယ် စဥ့်အိုးတန်းဆိပ်ကမ်းသို့ပြေးဆွဲသော သမ္ဗန်စက်လှေတစ်စင်းသည် ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက် ၄ နာရီခွဲက ပန်ကာဒလက်၌ ဒိုက်နှင့်အမှိုက်များငြိကာ ရေစီးအားဖြင့် မျောပါခဲ့ပြီး ကျောက်ချထားသည့် ကုန်တင်သင်္ဘောအောက် ရောက်ရှိတိမ်းမှောက်ခဲ့ရာ လိုက်ပါလာသူ ၁၄ ဦးအနက် အမျိုးသား ၂ ဦးနှင့် အမျိုးသမီးတစ်ဦးတို့ နစ်မြုပ်ပျောက်ဆုံးခဲ့ကြောင်း ဆိပ်ကမ်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

J-17

  • VIA