News

POST TYPE

LOCAL

စည်ပင်နယ်နိမိတ်ရှိ ဈေးများတွင် တရားမဝင်အေးခဲဝက်သား တင်သွင်းရောင်းချမှု မရှိစေရန် ထိန်းချုပ်မည်
25-Dec-2017
ရန်ကုန်၊ ဒီဇင်ဘာ ၂၄

စည်ပင်သာယာ နယ်နိမိတ်အောက်ရှိ ဈေးများ၌ ပြည်ပမှ တရားမဝင်တင်သွင်းသည့် အေးခဲဝက်သားများ ရောင်းချမှုမရှိစေရန် စီမံချက်ရေးဆွဲ ထိန်းချုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနထံမှ သိရသည်။

အဆိုပါ အေးခဲဝက်သား ရောင်းချမှုထိန်းချုပ်ရေးကို လာမည့် ဇန်နဝါရီလမှစ၍ အရှိန်မြှင့်ဆောင်ရွက်ရန် စီစဉ်ထားကြောင်း တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။ 

ရန်ကုန်တိုင်း စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ ဈေးများတွင် အေးခဲဝက်သားများ ရောနှောရောင်းချမှုများ မြင့်တက်လာရာ ယခုနှစ်အတွင်း အကြိမ် ၃၀ ခန့်အထိ တွေ့ရှိကြောင်၊ အေးခဲအသားများကြောင့် ကင်ဆာရောဂါ တိုက်ရိုက်ဖြစ်စေကြောင်း ၎င်းက ပြောဆိုသည်။

“စီမံချက်သဘောနဲ့ ထိန်းချုပ်မှာပါ။ စည်ပင်နဲ့မွေးမြူရေးဌာန ပူးပေါင်းပြီးတော့ ဈေးတွေကို ရှောင်တခင်စစ်ဆေးမယ်။ တားမြစ်ထားတဲ့ အေးခဲအသားတွေ ရောင်းချရင် စည်ပင်ဥပဒေနဲ့အညီ အရေးယူမယ်”ဟု ၎င်းက ရှင်းပြသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဖွဲ့စည်းထားသော ကြီးကြပ်စစ်ဆေးရေးအဖွဲ့က အေးခဲအသားနှင့် ပုပ်သိုးအသားများ တင်သွင်းရောင်းချမှုကို ဖော်ထုတ်ဖမ်းဆီးလျက်ရှိပြီး အန္တရာယ်ဖြစ်စေသော စားသောက်ကုန်များ ရောင်းချခြင်းကို တားမြစ်သော ရာဇသတ်ကြီး ပုဒ်မ ၂၇၃ ဖြင့် တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနက တရားစွဲဆိုနေခြင်း ဖြစ်သည်။ 

“အေးခဲအသားဆိုတာ ပုပ်သိုးအဆင့်ရောက်ပြီးတဲ့ အသားတွေကို ဓာတုနည်းနဲ့ ပုံမပျက် ပြန်ထုတ်လုပ်ထားတာပါ။ စားမိရင် ကင်ဆာရောဂါဖြစ်စေနိုင်တယ်။ အစားအသောက်အန္တရာယ်ထဲမှာ အဆိုးဆုံးပဲ”ဟု ရောဂါဗေဒဆိုင်ရာ ဆရာဝန်တစ်ဦးက မှတ်ချက်ပြုသည်။

နိုင်ဝင်ဘာလ ၂၇ ရက်နေ့က လမ်းမတော်မြို့နယ် သံဈေး၌ ထိုင်းနိုင်ငံမှ တရားမဝင်တင်သွင်းခဲ့သော အေးခဲဝက်သား ပိဿချိန်သုံးဆယ်ခန့်ကို စစ်ဆေးရေးအဖွဲ့က တွေ့ရှိခဲ့ပြီး အရေးယူနိုင်ခဲ့ကြောင်း တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနထံမှ သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဈေးများဌာန၏ အုပ်ချုပ်မှုအောက်တွင် ဖွင့်လှစ်ထားသည့် ဈေးပေါင်း ၁၈၀ ကျော်ရှိရာ ယင်းဈေးများတွင် အေးခဲအသားရောင်းချမှု မရှိစေရေး နေ့စဉ် ရှောင်တခင် စစ်ဆေးလျက်ရှိကြောင်းလည်း ယင်းဌာနထံမှ ထပ်မံသိရသည်။

J-07


  • VIA