News

POST TYPE

LOCAL

သုံးလအတွင်း မတ်ပဲတစ်တန် ခြောက်သိန်းနီးပါးသို့ ပထမဆုံးပြန်ရောက်
24-Dec-2017

ရန်ကုန်၊ ဒီဇင်ဘာ ၂၃

ယခုရက်ပိုင်းအတွင်း ပြည်ပဝယ်လိုအားကောင်းခြင်းကြောင့် ပဲဈေးနှုန်းများ ဆက်တိုက်ပြန်လည်မြင့်တက်လာရာ အောက်တိုဘာလမှ ဒီဇင်ဘာလအထိသုံးလအတွင်း ပထမဆုံးအနေနှင့် မတ်ပဲတစ်တန် ကျပ်ခြောက်သိန်းနီးပါးနှင့် ပဲစင်းငုံတစ်တန် ကျပ်လေးသိန်းကျော်သို့ ပြန်ရောက်ကြောင်း ဘုရင့်နောင် ပဲဈေးကွက်အတွင်းမှ သိရသည်။

ယခုရက်ပိုင်းအတွင်း မတ်ပဲတစ်တန်လျှင် ကျပ်ငါးသောင်းနှင့် ပဲစင်းငုံတစ်တန်လျှင် ကျပ်လေးသောင်းနီးပါးအထိ ဈေးတက်လာခဲ့ပြီး ဆက်လက်မြင့်တက်နိုင်ခြေရှိသော်လည်း ပြည်ပဝယ်လိုအားပေါ် မူတည်ကြောင်း ပဲကုန်သည်များက ဆိုသည်။

ထိုသို့ ပဲဈေးနှုန်းများ မြင့်တက်ခြင်းကြောင့် ပြည်တွင်းပဲဈေးကွက်၌လည်း အရောင်းအဝယ်သွက်လက်လာခဲ့ပြီး လတ်တလော ပြည်ပပဲဝယ်လက်နိုင်ငံများဖြစ်သည့် နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့က ဝယ်ယူနေကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

လက်ရှိမတ်ပဲ(FAQ)တစ်တန်လျှင် ကျပ်ခြောက်သိန်းနီးပါး၊ မတ်ပဲ(SQ)တစ်တန်လျှင် ကျပ် ၇၃၅,၀၀၀ ခန့်နှင့် ပဲစင်းငုံတစ်တန်လျှင် ကျပ် ၄၁၀,၀၀၀ ခန့် ဈေးရှိကြောင်း ဘုရင့်နောင်ပဲဈေးကွက်အတွင်းမှ သိရသည်။

ဩဂုတ်လ ၅ ရက်နေ့က ပဲစင်းငုံနှင့် ဩဂုတ်လ ၂၁ ရက်နေ့၌ မတ်ပဲနှင့် ပဲတီစိမ်းတို့ကို အိန္ဒိယက ကန့်သတ်လိုက်ပြီးနောက်ပိုင်း ဈေးနှုန်းများ ဆက်တိုက်ကျဆင်းလာခဲ့ပြီး အောက်တိုဘာလလယ်ခန့်၌ မတ်ပဲတစ်တန် ကျပ်ခြောက်သိန်းအောက်နှင့် ပဲစင်းငုံတစ်တန် ကျပ်လေးသိန်းအောက်သို့ စတင် ရောက်ရှိလာခဲ့ပြီးနောက် ယခုအခါ ပထမဆုံးအနေနှင့် ယင်းဈေးများ၏အထက်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

S-04



  • VIA