News

POST TYPE

LOCAL

တိုင်ကြားခံရသော အင်ဂျင်နီယာများကို အရေးယူရန် မကွေးတိုင်းအစိုးရအဖွဲ့ ဆုံးဖြတ်မည်
24-Dec-2017
ရန်ကုန်၊ ဒီဇင်ဘာ ၂၃

လာဘ်စားသည်ဟုဆိုကာ တိုင်ကြားခံရသော မကွေးတိုင်း စလင်းမြို့ စည်ပင်အင်ဂျင်နီယာနှင့် တိုင်းအင်ဂျင်နီယာတို့ကို အစိုးရအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်များအတိုင်း အရေးယူရန် ဇန်နဝါရီလဆန်းတွင် ဆုံးဖြတ်မည်ဖြစ်ကြောင်း မကွေးတိုင်းအစိုးရအဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းက ပြောကြားသည်။

“နောက်လဆန်းထဲ အဖြေထွက်မှာပါ။ စစ်လို့ပြီးတော့မယ်။ နောက်လဆန်းမှ အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ထွက်မှာ ဖြစ်တယ်။ ကျူးလွန်မှုအလိုက် အရေးယူသွားမှာပါ”ဟု ၎င်းက ပြောဆိုသည်။

လက်ရှိအချိန်တွင် လာဘ်စားမှုဖြင့် တိုင်ကြားခံရသူများကို တိုင်းအစိုးရအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်များနှင့် ပတ်သက်၍ တိုင်းအစိုးရအဖွဲ့ အစည်းအဝေးတွင် တင်ပြရန် စီစဉ်ထားပြီးဖြစ်ကြောင်း၊ တိုင်းအစိုးရအဖွဲ့၏ အရေးယူမှုအပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ထပ်မံအရေးယူနိုင်ရန်လည်း စီစဉ်ထားကြောင်း မကွေးတိုင်း အစိုးရအဖွဲ့ထံမှ သိရသည်။

“တိုင်ထားတာတွေကို အဖွဲ့ဖွဲ့ပြီး စစ်တယ်။ တိုင်စာတစ်ခုကို တစ်ဖွဲ့နဲ့စစ်တာ။ စုစုပေါင်းသုံးဖွဲ့မှာ နှစ်ဖွဲ့က အစီရင်ခံစာထွက်ပြီ။ တစ်ဖွဲ့ပဲကျန်နေတာ။ ဒါတွေပြီးရင် အစိုးရအဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ဆောင်ရွက်မှာပါ”ဟု ဝန်ကြီး ဦးဇော်မင်းက ဆက်လက်ပြောကြားသည်။

တိုင်ကြားခံရသော တာဝန်ရှိသူများသည် လမ်း၊ တံတား တည်ဆောက်ရေး လုပ်ငန်းလုပ်ကိုင်ခွင့်ရသူများထံမှ လာဘ်ငွေရယူခဲ့ကြောင်း သက်သေ အထောက်အထားများဖြင့် တိုင်းအစိုးရထံ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း မကွေးတိုင်းအစိုးရအဖွဲ့ထံမှ ထပ်မံသိရသည်။

လာဘ်စားမှုဖြင့် တိုင်ကြားခံရသူများကို တိုင်းအစိုးရအဖွဲ့၏ ညွှန်ကြားမှုဖြင့် ဒီဇင်ဘာ လဆန်းပိုင်းကစ၍ စစ်ဆေးနေခြင်းဖြစ်ပြီး ခုံအဖွဲ့ခေါင်းဆောင်အဖြစ် တိုင်းအစိုးရအဖွဲ့ဝင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးနေမျိုးကျော်ကို ခန့်အပ်ခဲ့ပြီး အဖွဲ့ဝင်များအဖြစ် အခွန်ဦးစီးဌာန တိုင်းဒေသကြီး ညွှန်ကြားရေးမှူး၊ မန်းရေနံမြေမှ အင်ဂျင်နီယာမှူး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တိုင်းတာဝန်ခံတစ်ဦး စသည်တို့ပါဝင်သည့် အဖွဲ့ ဖြင့် စစ်ဆေးနေခြင်းဖြစ်သည်။

“စုံစမ်းစစ်ဆေးမှုက ပြီးသွားပါပြီ။ ကျူးလွန်မှုပေါ်ပေါက်ရင် ထိရောက်စွာ အရေးယူမှာပါ”ဟု မကွေးတိုင်းအစိုးရအဖွဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးနေမျိုးကျော်က ပြောကြားသည်။

မကွေးတိုင်းအစိုးရအဖွဲ့အနေနှင့် လာဘ်စားမှု ကျူးလွန်သည့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ဥပဒေအရာရှိ၊ မြို့နယ်တရားသူကြီး၊ ခရိုင်ပညာရေးမှူး စသည်တို့ကိုလည်း အရေးယူမှုများ ပြုလုပ်ခဲ့ဖူးသည်။              

J-07


  • VIA