POST TYPE

LOCAL

ပုံနှိပ်စာအုပ် မရသေးသည့်ကျောင်းများ မြို့နယ်ပညာရေးမှူးရုံးကို စာရင်းတင်ရမည်
16-Jul-2017 tagged as ပညာရေး

ရန်ကုန်၊ ဇူလိုင် ၁၆

ပထမတန်း သင်ရိုးသစ် ပုံနှိပ်စာအုပ် မရောက်ရှိသည့် ကျောင်းများအနေနှင့် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများသို့ စာရင်းတင်သွင်းရမည် ဖြစ်ကြောင်း အခြေခံပညာပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်နိုင်စိုးက The Voice သို့ ပြောကြားသည်။

အခြေခံပညာဦးစီးဌာန အနေနှင့် ကျောင်းအပ်ရာသီအပြီး ကျောင်းသားစာရင်းငြိမ်သည့် အချိန်တွင် ကျောင်းသုံးပုံနှိပ်စာအုပ် မရောက်ရှိသည့် ကျောင်းများမှ မရောက်ရှိသည့် စာအုပ်စာရင်းကို တင်သွင်းရန် ညွှန်ကြားခဲ့သော်လည်း စာရင်းတင်သွင်းမှုမှာ မပြည့်စုံခဲ့ကြောင်း ၄င်းက ဆိုသည်။

“ဆရာ၊ ဆရာမတွေအနေနဲ့ ကျောင်းအုပ်ကြီးကနေတစ်ဆင့် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးဆီကို စာရင်းတင်ပါလို့ ကျွန်တော်တို့ ပြောထားပြီးသား။ ဇွန်လ တတိယပတ်အတွင်း လိုအပ်တဲ့စာရင်းတွေ တောင်းတယ်။ သူတို့တွေအနေနဲ့ ကျောင်းအပ်တာ မငြိမ်သေးဘူးဆိုလို့ ဇွန်လကုန်အထိ ကျွန်တော်တို့ စောင့်တယ်။ မလုံလောက်ဘူးသာ ပြောနေတယ်။ သူတို့ စာရင်းမတက်ဘူးလေ” ဟု ဒေါက်တာအောင်နိုင်စိုးက ပြောကြားသည်။

အခြေခံပညာဦးစီးဌာနတွင် ကျောင်းသုံးပုံနှိပ်စာအုပ်များကို ရန်ကုန်၊ မြစ်ငယ်နှင့် တပ်ကုန်းဂိုထောင်တို့တွင် အရန်သင့်ထားရှိပြီး မလုံလောက်သည့် ကျောင်းများ၏ စာရင်းများ ရောက်ရှိလာပါက ထုတ်ပေးသွားမည် ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။

ရွှေဖူးခင်