POST TYPE

LOCAL

ယာဉ်မောင်းလိုင်စင် လက်တွေ့ဖြေဆိုရာတွင် ငှားရမ်းသည့်ယာဉ်ဖြင့် ဖြေဆိုခွင့်မပြု
ရန်ကုန်၊ ဇူလိုင် ၁၅

ယာဉ်မောင်းလိုင်စင် လက်တွေ့ဖြေဆိုရာတွင် ငှားရမ်းထားသည့် မော်တော်ယာဉ်ဖြင့် လာရောက်ဖြေဆိုပါက ဖြေဆိုခွင့် ပိတ်သိမ်းမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

အဆိုပါယာဉ်မောင်းလိုင်စင် ဖြေဆိုသူများအနေနှင့် လက်တွေ့မောင်းနှင် ဖြေဆိုရာတွင် ယခင်က ငှားရမ်းထားသည့်ယာဉ်ဖြင့် ဖြေဆိုခွင့်ပြုခဲ့သော်လည်း ယခုအခါ ဖြေဆိုခွင့် မပြုတော့ခြင်းဖြစ်သည်။

လက်ရှိတွင် ဌာနရှိယာဉ်များကို ငှားရမ်း၍ မောင်းနှင်ဖြေဆိုနိုင်ပြီး ကိုယ်ပိုင်ယာဉ်များဖြင့်လည်း ဖြေဆိုခွင့်ပြုထားကြောင်း က.ည.နမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

“အပြင်ကနေ ငှားပြီး လာဖြေတဲ့အတွက် ယာဉ်တိုက်မှု ဖြစ်တာတွေအပြင် လာဖြေတဲ့ယာဉ်ကို တွဲပြီးစာရင်းသွင်းတဲ့အတွက် အခက်အခဲဖြစ်တယ်။ ယခုရက်ပိုင်းက စခွင့်မပြုတော့ဘူး။ ကိုယ်ပိုင်ယာဉ်နဲ့ လာဖြေတာပဲ ခွင့်ပြုတော့တယ်”ဟု ၎င်းကဆိုသည်။

ယာဉ်မောင်းလိုင်စင် “ခ” လိုင်စင် လက်တွေ့ ဖြေဆိုမှုအတွက် ယခုလက်ရှိ တစ်ရက်လျှင် ပျမ်းမျှအယောက် ၅၀ဝ မှ ၈၀ဝ ခန့်ရှိနေပြီး ဖြေဆိုသည့် ယာဉ်မလုံလောက်ခြင်းကြောင့် တစ်ရက်လျှင် ယာဉ်အစီးရေ ၃၀ဝ သာ လက်ခံတော့မည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ရွာသာကြီး (က.ည.န)တွင် (ဃ) နှင့် (င) ယာဉ်မောင်းလိုင်စင် ဖြေဆိုမှုအတွက် တစ်ပတ်လျှင် ဗုဒ္ဓဟူးနေ့ တစ်ရက်သာ ဖြေဆိုနိုင်ကြောင်း အဆိုပါဌာနထံမှ ထပ်မံ သိရသည်။

ယာဉ်မောင်းလိုင်စင် ဖြေဆိုသူများအနေနှင့် မြင်သာ(က.ည.န)ရုံးတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို စာတွေ့ဖြေဆိုမှု အောင်မြင်ပါက ရွာသာကြီး (က.ည.န)ရုံးတွင် လက်တွေ့မောင်းနှင်ခြင်းကို ဖြေဆိုရမည်ဖြစ်သည်။

J-10