News

POST TYPE

LOCAL

မသင်္ကာသည့် ဘဏ်စာရင်းများကို တရုတ်က ထပ်ပိတ်
15-Jul-2017 tagged as တရုတ်

ရန်ကုန်၊ ဇူလိုင် ၁၃

ကုန်သွယ်မှု ပြုလုပ်နေသည့် မြန်မာကုန်သည်များ၏ ဘဏ်စာရင်း (Bank Account) များကို တရုတ်အစိုးရဘက်က ထပ်မံပိတ်ဆို့ခြင်း မရှိတော့သော်လည်း မသင်္ကာသည့် ငွေအလွှဲအပြောင်း ပြုလုပ်သည့် ဘဏ်စာရင်းအချို့ကို ယာယီ ထပ်မံပိတ်ဆို့မှုများရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

ထပ်မံပိတ်ဆို့ခံရသည့် အကောင့်များတွင် မြန်မာနိုင်ငံသားအကောင့်များ ပါဝင်ခြင်း ရှိ မရှိကိုမူ တရုတ်ဘက်က အကြောင်းပြန်ခြင်း မရှိသည့်အတွက် အတိအကျ မသိရှိသေးကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။
“ကုန်သည်တွေရဲ့ အကောင့်တွေကိုတော့ ထပ်မပိတ်တော့ဘူးလို့ သူတို့ဘက်က ပြောထားပါတယ်” ဟု စီးပွား/ကူးသန်းဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောဆိုသည်။

လောင်းကစား ပြုလုပ်သူများက တရုတ်ဘဏ်များမှတစ်ဆင့် ငွေအလွှဲအပြောင်း ပြုလုပ်နေသည်ဟု ဆိုကာ ဘဏ်အကောင့်များကို ဇွန်လ ၁၅ ရက်နေ့မှစ၍ ပိတ်ပင်ခဲ့ရာမှ မြန်မာကုန်သည်များ၏ ဘဏ်အကောင့်များ ပါဝင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာအစိုးရ၏ တရားဝင် ထုတ်ပြန်ချက်တွင် ယာယီပိတ်ပင်ခံရသည့် မြန်မာကုန်သည်များ၏ ဘဏ်စာရင်းသည် ၁၃၂ ခုသာရှိသည်ဟု ထုတ်ပြန်ထားသော်လည်း အမှန်တကယ် အပိတ်ခံရသည့် ဘဏ်စာရင်းသည် ၆၀၀ မှ ၁၀၀၀ ခန့်ရှိကြောင်း၊ ဇွန်လ ၂၃ ရက်နေ့က ပြန်လည်ဖွင့်လှစ်ပေးထားသော ဘဏ်စာရင်း အရေအတွက်မှာ ၃၀၈ ခုအထိ ရှိသော်လည်း ပြန်လည်ဖွင့်လှစ်ပေးရန် ဘဏ်အကောင့်များ ရာနှင့်ချီ၍ ကျန်ရှိနေသေးကြောင်း ကုန်သည်များထံမှ သိရသည်။

S-04