News

POST TYPE

LOCAL

ခြောက်လအတွင်း တစ်နိုင်ငံလုံး လိုင်စင်မဲ့ယာဉ် ၂၀ဝကျော် ဖမ်းဆီးရမိ
14-Jul-2017 tagged as

ရန်ကုန်၊​ဇူလိုင် ၁၃

လိုင်စင်မဲ့ယာဉ်များကို စီမံချက်ဖြင့် ဖမ်းဆီး အရေးယူရာတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ခြောက်လအတွင်း တရားမဝင် မောင်းနှင်နေသောလိုင်စင်မဲ့ ယာဉ် ၂၀ဝ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း အမှတ် ၁ ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံး (နေပြည်တော်)ထံမှ သိရသည်။

“လိုင်စင်မဲ့ယာဉ်တွေက အရမ်းကို များလာတယ်။ တစ်နှစ်လုံးကို အရင်က ၃၀ဝ ကျော်လောက်ပဲ ဖမ်းမိတာ။ အခု နှစ်ဝက်ပဲ ရှိသေးတယ်။ ၂၀ဝ ကျော်ရှိနေပြီ”ဟု အမှတ် ၁ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး၊ ရဲမှူးကြီး အောင်ကိုဦးက ဆိုသည်။

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ တရားမဝင် လိုင်စင်မဲ့ယာဉ် ၂၀၁ စီး ဖမ်းဆီးထားပြီး ယာဉ်ပိုင်ရှင် ၇၇ ဦးကို အရေးယူထားကြောင်း၊ ရန်ကုန်တိုင်းအနေနှင့် လိုင်စင်မဲ့ယာဉ် ၇၀ ကျော် ပါဝင်ကြောင်း ၎င်းက ပြောကြားသည်။

“ဖမ်းမိတဲ့ လိုင်စင်မဲ့ယာဉ်တွေကို ကွန်ပျူတာ ဆော့ဝဲလ်နဲ့ စစ်တယ်”ဟု ၎င်းက ဆိုသည်။

၂၀၁၅ ခုနှစ်တွင် တရားမဝင် လိုင်စင်မဲ့ယာဉ် ၃၃၅ စီး ဖမ်းဆီးရမိပြီး ယာဉ်ပိုင်ရှင် ၁၇၁ ဦး အရေးယူထားကြောင်း၊၂၀၁၆ ခုနှစ်တွင် တရားမဝင် လိုင်စင်မဲ့ယာဉ် ၃၀၁ စီးရှိပြီး ယာဉ်ပိုင်ရှင် ၁၃၅ ဦးကို အရေးယူထားသည်။

လိုင်စင်မဲ့ယာဉ်များ စီးနင်းပါက ပြစ်ဒဏ်အနေနှင့် အနည်းဆုံး ထောင်ဒဏ် တစ်နှစ်မှ အများဆုံး ထောင်ဒဏ် ၂ နှစ် ဖြစ်စေ၊ ဒဏ်ငွေကျပ် နှစ်သိန်းမှ သုံးသိန်းဖြစ်စေ၊ ပြစ်ဒဏ် နှစ်ရပ်စလုံးကို ဖြစ်စေ တရားသူကြီး၏ ဆင်ခြင်တုံတရားဖြင့် ပြစ်ဒဏ် ချမှတ်နိုင်ကြောင်း အမှတ် ၁ ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

J-06

  • TAGS