POST TYPE

LOCAL

နစ်နာသူများရှိနေ၍ ၆၆ (ဃ) ကို ပြင်ဆင်ရခြင်းဖြစ်ဟု ဆက်သွယ်ရေး ဒုဝန်ကြီးပြောကြား
14-Jul-2017 tagged as ပုဒ်မ ၆၆ (ဃ)

နေပြည်တော်၊ ဇူလိုင် ၁၃

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် မမှန်မကန် စွပ်စွဲတိုင်ကြားမှုများရှိ၍ နစ်နာမှုများ ဖြစ်ပေါ်လျက်ရှိသောကြောင့် ပြည်သူများအကြား ဝေဖန်မှုများ မြင့်တက်လျက် ရှိသောကြောင့် ယင်းဥပဒေကို ပြင်ဆင်ရခြင်းဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောကြားသည်။

“၆၆ (ဃ) ကိုအသုံးပြု၍ ပုဂ္ဂိုလ်များအကြား တိုင်ကြားမှုများ တစ်နေ့တခြား များပြားလာတာကို တွေ့ရှိရပြီး လက်ရှိ ပြဋ္ဌာန်းထားတဲ့ ဥပဒေအရ တရားစွဲဆိုခံရသူအနေနဲ့ မမှန်မကန် စွပ်စွဲတိုင်ကြားခြင်း ခံရပါက နစ်နာမှုများဖြစ်ပေါ်လျက် ရှိကြောင်းကိုလည်း ပြည်သူများအကြား ဝေဖန်မှုများ မြင့်တက်လျက်ရှိကြောင်း တွေ့ရှိရပါတယ်”ဟု ၎င်းက ဆိုသည်။

ယင်းဥပဒေကို ပြင်ဆင်ရန် ယနေ့ (ဇူလိုင် ၁၃) ကျင်းပသော အမျိုးသား လွှတ်တော်သို့ ဒုဝန်ကြီးက လာရောက် တင်သွင်းခဲ့ခြင်းဖြစ်ပြီး အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြင်ဆင်ရန်တင်ပြချက်တွင် ဝန်ကြီးဌာန အမည်ကို အဓိပ္ပာယ် ဖွင့်ဆိုချက် အပါအဝင် အချက် ၅ ချက်၏ စာသားပြင်ဆင်ခြင်းနှင့် ပယ်ဖျက်ခြင်းတို့ ပြုလုပ်ရန်အတွက် လွှတ်တော်က လက်ခံဆွေးနွေး စဉ်းစားရန် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောသည်။

လွှတ်တော်သို့ ဒုတိယဝန်ကြီး လာရောက်တင်ပြချက်တွင် အဓိကအားဖြင့် ပုဒ်မ ၆၆( ဃ) ပါ “ခြောက်လှန့် တောင်းယူခြင်း သို့မဟုတ် အသရေဖျက်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း”ဆိုသည့် စကားရပ်နေရာတွင် “ခြောက်လှန့်တောင်းယူခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း”ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်ဟု သို့မဟုတ် ဆိုသည့်စာသားကိုသာ ပယ်ထုတ်လိုက်ခြင်းသာ ဖြစ်သည်။

“ဒါက ဥပဒေရေးထုံးကိုပဲ ပြင်တာပါ၊ နောက်တစ်ချက်က တရားစွဲဆိုမည့်သူရယ် ကိုယ်စားလှယ် လွှဲအပ်သူရယ်ကပဲ တရားစွဲလို့ရတယ်လို့ ပြင်ဆင်ချက်ထည့် လာတာတွေ့ရတယ်ဗျ”ဟု အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က The Voice သို့ ပြောကြားသည်။

ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စအတွက် တရားစွဲဆိုရာတွင် ဝန်ကြီးဌာန၏ ကြိုတင်ခွင့်ပြုချက် တောင်းခံရန် မလိုအပ်သဖြင့် နှောင့်နှေးကြန့်ကြာမှုမရှိဘဲ အရေးယူနိုင်စေရန် ပုဒ်မ ၈၀၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မ ၆၆ (ဂ)၊ (ဃ) နှင့် ပုဒ်မ ၆၈၊ ပုဒ်မခွဲ (က) တို့ပါ ပြစ်မှုမှတစ်ပါး ကျန်ပြစ်မှုများသည် ဝန်ကြီးဌာန၏ ကြိုတင်ခွင့်ပြုချက် ရယူရမည်ဟု အစားထိုး ပြင်ဆင်လိုကြောင်း ဒုတိယ ဝန်ကြီးဦးကျော်မျိုးက ဆိုသည်။

ယင်းအပြင် ပုဒ်မ ၆၆၊ ပုဒ်မခွဲ (က)၊ (ခ)နှင့်(ဃ) တို့ပါ ပြစ်မှုများကို အာမခံ ပေးနိုင်သည့်ပြစ်မှုများအဖြစ် သတ်မှတ်ရန် ပြင်ဆင်ချက် ထည့်သွင်းလာသည်ကို တွေ့ရှိရကြောင်း ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာ တင်ပြချက်တွင် ပါရှိသည်။

ယင်းပြင်ဆင်ချက်နှင့် ပတ်သက်၍ ပြင်ဆင်ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ဇူလိုင် ၁၈ ရက်အထိ လွှတ်တော်ရုံးသို့ အမည်စာရင်း ပေးသွင်းရမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ကြေညာခဲ့သည်။