News

POST TYPE

LOCAL

နှိပ်စက်ခံရသည့် အိမ်အကူ မိန်းကလေး ပျောက်ဆုံးမှု ၁၀ ရက်ကြာထိ ရှာမတွေ့
14-Jul-2017 tagged as အိမ်ဖော်

ရန်ကုန်၊ ဇူလိုင် ၁၃

အငြိမ်းစား ဒုဗိုလ်မှူးကြီးနေအိမ်တွင် အိမ်အကူလုပ်ရာမှ သွားခြောက်ချောင်းကျိုးအောင် နှိပ်စက်ခံရမှုဖြင့် နယ်မှ ရန်ကုန်မြို့ရှိ မရမ်းကုန်းမြို့နယ် တရားရုံးသို့ အမှုလာရင်ဆိုင်သည့် အသက် ၁၂ အရွယ် အိမ်အကူမိန်းကလေး ပျောက်ဆုံးနေသည်မှာ ယနေ့ ၁၀ ရက် မြောက်ပြီဖြစ်သော်လည်း ပြန်ရှာတွေ့ခြင်း မရှိသေးကြောင်း မိသားစုဝင်များထံမှ သိရသည်။

“တရားရုံးမှာ အစစ်ဆေးခံဖို့ မြစ်သားကနေ အဘွားဖြစ်သူနဲ့ ရန်ကုန်လာခဲ့တာ။ ညကားစီးလာတော့ ရန်ကုန်ကို မနက် ရောက်တယ်။ အမှုက နေ့ခင်း ၂ နာရီမှစစ်မှာမို့ တရားရုံးဘေးက ဘုန်းကြီးကျောင်းမှာ ခဏ ဝင်တည်းနေချိန် ကလေးမက ပျောက်သွားတာ။ ဒီနေ့ တရားရုံးမှာ သူ့ကို နောက်ဆုံး စစ်ရမယ့်နေ့မှ ပျောက်သွားတာ မသင်္ကာစရာတွေ အများကြီးရှိတယ်။ အိမ်အကူ မိန်းကလေး ဒီဘုန်းကြီးကျောင်းမှာ တည်းနေတာ အပြင်လူမှ မသိတာ”ဟု ယင်းအမှုကို လိုက်ပါကူညီ ဆောင်ရွက်ပေးနေသည့် မြစ်သားမြို့နယ်တွင် နေထိုင်သော လူ့အခွင့်အရေးလှုပ်ရှားသူ ဦးခင်အောင်လင်းက ပြောသည်။ 

ပျောက်ဆုံးနေသော အိမ်အကူ မိန်းကလေး မနန်းမို့မို့အေးမှာ မန္တလေး တိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့တွင် နေထိုင်သူဖြစ်ပြီး ၂၀၁၅ ခုနှစ်က ရန်ကုန် တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်း၊ ရွှေကမ္ဘာအိမ်ရာရှိ အငြိမ်းစား ဒုဗိုလ်မှူးကြီး၏ နေအိမ်တွင် တစ်လလျှင် ကျပ်ငါးသောင်းဖြင့် အိမ်အကူ လာရောက် လုပ်ကိုင်ခဲ့သည်။

ယင်းသို့လုပ်ကိုင်စဉ် အိမ်ရှင် ဒေါ်ခင်နန်းတင့်က ၎င်းကို အိမ်အလုပ်များ စေခိုင်းရာတွင် အဆင်မပြေသောကြောင့် ဖိနပ်ဖြင့် ပါးရိုက်ခြင်း၊ တုတ်ဖြင့် ခြေသလုံးနှင့် လက်ဖဝါးတို့ကို ရိုက်နှက်ခြင်း၊ ထမင်းဝအောင် မကျွေးခြင်းနှင့် ယင်းအိမ်တွင် အိမ်အကူ လုပ်ကိုင်နေသည့် မနှင်းဝေကျော်အား ငရုတ်ကျည်ပွေ့ပေး၍ မနန်းမို့မို့အေး၏ သွားများကို ရိုက်ချိုးရန် စေခိုင်းခဲ့ကြောင်း ပျောက်ဆုံးနေသူမှ ယခင်တရားရုံး ရုံးချိန်းများတွင် စစ်ဆေးထွက်ဆိုခဲ့သည်။

“ပျောက်နေတဲ့ နန်းမို့မို့အေးနဲ့ သူ့အဘွား၊ ပြီးတော့ အမှုတွဲမှာပါတဲ့ မနှင်းဝေကျော်နဲ့ သူ့အမေ အားလုံး လေးယောက် ရန်ကုန်တက်သွားတာ။ တရားရုံးမှာ အစစ်ဆေးခံဖို့လေ။ အကုန်လုံးက အမှုကိစ္စကြောင့် လာနေရပေမယ့် ရန်ကုန်ထဲ လည်လည်ဝယ်ဝယ်ကို မသွားတတ်ကြဘူး။ သွားလာဖူးတဲ့သူ ရွာမှာရှိပေမယ့် ငွေကြေး အဆင်မပြေတော့ အပိုစရိတ်တွေ မသုံးနိုင်တာကြောင့် ခေါ်မသွားဖြစ်လိုက်တာ။ အခု သမီးလေးက သူ့အဘွား ဘုန်းကြီးကျောင်းမှာ ခဏ လေးအိပ်ပျော်သွားချိန်မှာ ပျောက်သွားတာ။ အခုထိကို ပြန်ရှာလို့မရသေးဘူး။ အသတ်များ ခံရတာလား၊ ရောင်းစားခံလိုက်တာလား တွေးတွေးပြီး စိတ်ပူနေမိတယ်”ဟု မနန်းမို့မို့အေး၏ မိခင်ဖြစ်သူက ဆိုသည်။ 

သွားခြောက်ချောင်းကျိုးအောင် နှိပ်စက်ခံရသည့် မနန်းမို့မို့အေးနှင့် အိမ်ရှင်မှ ငရုတ်ကျည်ပွေ့ပေးပြီး သွားများ ကျိုးအောင် ရိုက်နှက်ခိုင်းခြင်း ခံရသူဟုဆိုသည့် အိမ်အကူ မနှင်းဝေကျော်တို့မှာ မြစ်သားမြို့နယ်တွင် နေထိုင်ကြသူများဖြစ်ပြီး အငြိမ်းစားဗိုလ်မှူးကြီး၏ မိသားစုထံမှ ကြိုတင်ငွေကျပ် ၁၅ သိန်း ထုတ်ယူထားပြီး အိမ်အကူ လုပ်ကိုင်ခဲ့ကြသည်။

ယင်းနောက် မနန်းမို့မို့အေး၏ သွားများကျိုးခဲ့ပြီးနောက် အိမ်ရှင်ဖြစ်သူမှ ဆေးကုသမှုပေးပြီး ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် အိမ်အကူ ပွဲစားခေါ်၍ ၎င်းတို့နှစ်ဦးကို မြစ်သားမြို့သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ရာ အိမ်အကူ နှစ်ဦး၏ မိသားစုဝင်များက ညှဉ်းပန်းနှိပ်စက်ခံရမှုနှင့် ပတ်သက်၍ အမှုဖွင့် အရေးယူပေးရန် မရမ်းကုန်းမြို့နယ် ဘုရင့်နောင် နယ်မြေရဲစခန်းတွင် လာရောက် အမှုဖွင့် တိုင်ကြားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

အဆိုပါအမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က စစ်ဆေးပြီးနောက် အိမ်ရှင်ဖြစ်သူ ဒေါ်ခင်နန်းတင့်ကို ရာဇသတ်ကြီး ပုဒ်မ ၃၂၅/ ၃၄၂/ ၁၁၄ ဖြင့်လည်းကောင်း၊ အိမ်အကူ မနှင်းဝေကျော်ကို ရာဇသတ်ကြီး ပုဒ်မ ၃၂၅ ဖြင့်လည်းကောင်း အမှုဖွင့်ပြီး မရမ်းကုန်း မြို့နယ်တရားရုံးမှ ယင်းအမှုကို စစ်ဆေးနေစဉ် မနန်းမို့မို့အေးမှာ ရုတ်တရက် ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း အိမ်အကူဘက်မှ အကျိုးဆောင်ရှေ့နေဖြစ်သူ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။    

S-03