News

POST TYPE

LATEST NEWS POST

ပထမဆုံးအကြိမ် မြန်မာ့ကျောက်မျက်နေ့ အာဆီယံနိုင်ငံများ ဖိတ်၍ ကျင်းပမည်
19-Jun-2017 tagged as


ရန်ကုန်၊ ဇွန် ၁၈

ဩဂုတ်လ ၃ ရက်နေ့တွင် ပထမဆုံးအကြိမ် သတ်မှတ်ကျင်းပမည့် မြန်မာ့ ကျောက်မျက်ရတနာနေ့ အထိမ်းအမှတ်အတွက် အာဆီယံနိုင်ငံများ အပါအဝင် အခြားကိုးနိုင်ငံကိုပါ ဖိတ်ခေါ်ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကျောက်မျက် ရတနာလုပ်ငန်းရှင်များ အသင်းချုပ်ထံမှ သိရသည်။
 
မြန်မာနိုင်ငံသည် ၁၉၆၄ ခုနှစ်မှစကာ ကျောက်မျက်ရတနာပြပွဲများကို တရားဝင် ကျင်းပပြုလုပ်ခဲ့သည်မှာ အကြိမ်ပေါင်း ၉၀ ရှိပြီဖြစ်၍ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များက မြန်မာ့ကျောက်မျက် ရတနာနေ့ သတ်မှတ်လိုကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနသို့ တင်ပြခဲ့ရာ ဝန်ကြီးဌာနက ခွင့်ပြုခဲ့သဖြင့် အာဆီယံနိုင်ငံများကို ဖိတ်ခေါ်ကာ နေပြည်တော်တွင် ပထမဆုံးအကြိမ် ကျင်းပသွားမည်ဖြစ်ကြောင်း ယင်းအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးစံမျိုးက ပြောကြားသည်။ 

“မြန်မာနိုင်ငံကထွက်တဲ့ ကျောက်မျက်ရတနာနဲ့ လက်ဝတ်ရတနာတွေအနေနဲ့ မြန်မာပြည်ကို ဗဟိုပြုပြီး အချောထည်ဈေးကွက် ဖြစ်ထွန်းလာဖို့ ပထမဆုံးအကြိမ် ကျောက်မျက်ရတနာနေ့ကို သတ်မှတ် ကျင်းပရခြင်းဖြစ်ပါတယ်”ဟု ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ် အတွင်းရေးမှူး ဦးထွန်းလှအောင်က ပြောဆိုသည်။ 

အာဆီယံ ၁၀ နိုင်ငံအပြင် ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ အီတလီ၊ ဂျပန်၊ ကိုရီးယား၊ ထိုင်ဝမ်၊ သီရိလင်္ကာနှင့် တူရကီတို့ကိုပါ ဖိတ်ခေါ်ကျင်းပသွားမည်ဖြစ်ပြီး ဩဂုတ်လ ၄ ရက်နေ့တွင် အဆိုပါ နိုင်ငံများနှင့် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ အကြံပြု ဆွေးနွေးကြခြင်းနှင့် နားလည်မှုစာချွန်လွှာ (MoU) များလည်း ရေးထိုးသွားမည်ဖြစ်ကြောင်း ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်ထံမှ သိရသည်။

J-11

  • TAGS