News

POST TYPE

LATEST NEWS POST

ကရင်ပြည်နယ် မဘသအဖွဲ့ လက်ရှိအမည်အတိုင်း ဆက်သုံးမည်
13-Jun-2017 tagged as ကရင်

ရန်ကုန်၊ ဇွန် ၁၂

နိုင်ငံတော် သံဃမဟာနာယက (မဟန) အဖွဲ့က မဘသ အမည်မသုံးစွဲရန် ညွှန်ကြားထားသော်လည်း ကရင်ပြည်နယ် မဘသအဖွဲ့သည် မူလအမည်အတိုင်း  ဆက်လက်သုံးစွဲသွားမည် ဖြစ်ကြောင်း အဆိုပါအဖွဲ့က သဘောထားကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်သည်။

ဇွန်လ ၁၁ ရက်နေ့၌ ကျင်းပပြုလုပ်သော ကရင်ပြည်နယ် ဘားအံမြို့ မဲဘောင်ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သော မဘသအဖွဲ့ဝင်များ အထူးအစည်းအဝေးအရ ထိုသို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“မဘသအဖွဲ့ကြီးက ဘာမှချိုးဖောက်ထားတာ မရှိတော့ ကရင်ပြည်နယ် မဘသအဖွဲ့က မူလအမည်အတိုင်း ဆက်လက်သုံးစွဲဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်တယ်” ဟု မဘသမှ ပြောင်းလဲဖွဲ့စည်းထားသော ဗုဒ္ဓ ဓမ္မ ဖောင်ဒေးရှင်း ပြောရေးဆိုခွင့်ရှိ ဆရာတော် ဒေါက်တာသောပါကက မိန့်ကြားသည်။

ထိုကဲ့သို့ ကရင်ပြည်နယ် မဘသအဖွဲ့က မူလမဘသအမည် သုံးစွဲမည့် ကိစ္စရပ်အပေါ် မဟန ဆရာတော်ကြီးများမှ ပြန်လည်သုံးသပ်ပေးစေလိုကြောင်း ဗုဒ္ဓဓမ္မဖောင်ဒေးရှင်း ဦးဆောင်ဆရာတော်များက မှတ်ချက်ပြု မိန့်ကြားခဲ့သည်။
“ဆရာတော်ကြီးတွေက မဖြစ်မနေ ဖြုတ်ရမယ်၊ အရေးယူမယ်ဆိုရင် ဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်” ဟု ဒေါက်တာသောပါကက ဆက်လက်မိန့်ကြားသည်။

ကရင်ပြည်နယ် မဘသအဖွဲ့၏ ထုတ် ပြန်ချက်၌ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး (မဘသ) အဖွဲ့ကြီးသည် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ သံဃာ့စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့် ဆန့်ကျင်ငြိစွန်းခြင်း မရှိသောကြောင့် လည်းကောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၂၀၁၄ ခုနှစ် အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေတို့နှင့် ညီညွတ်နေခြင်းကြောင့် လည်းကောင်း လက်ရှိ မဘသ အမည်ကို ကရင်ပြည်နယ် မဘသက ဆက်လက်အသုံးပြုသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ကရင်ပြည်နယ် မဘသအဖွဲ့သည် ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်း (ဗဟို) ဥက္ကဋ္ဌဆရာတော်၏ သြဝါဒ လမ်းညွှန်ချက်များကို လိုက်နာသွားမည် ဖြစ်ပြီး မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ ဓမ္မဝံသာနုရက္ခိတ အဖွဲ့အပါအဝင် အခြားသော ပရဟိတအသင်းအဖွဲ့များ၊ အမျိုးသားရေး အင်အားစုများ အားလုံးနှင့် မိတ်ဖက်ပြု ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ၌ မဟနနှင့် မဘသ ဆရာတော်ကြီးများ၏ အထူးအစည်းအဝေးပွဲတွင် မဟန ဆရာတော်ကြီးများက မဘသအဖွဲ့ အမည်ခံ ပုဂ္ဂိုလ်များသည် တစ်ဦးဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ မဘသ အမည်သုံးစွဲ၍ မည်သည့်ကိစ္စမှ ဆောင်ရွက်ခြင်း မပြုရဟု ထုတ်ပြန်ခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံအနှံ့တွင် စိုက်ထူထားသော မဘသအဖွဲ့ ဆိုင်းဘုတ်များကို ဇူလိုင်လ ၁၅ ရက်နေ့ နောက်ဆုံးထား ဖြုတ်သိမ်းရန် လမ်းညွှန်ထားသည်။

ထိုကဲ့သို့ မဟန၏ ဆုံးဖြတ်ထားသော ကိစ္စရပ်များကို လိုက်နာခြင်း မရှိသော ရဟန်းပုဂ္ဂိုလ်ဖြစ်လျှင် သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေ ၂၀/၉၀ဖြင့် အရေးယူသွားမည်ဖြစ်ပြီး၊ လူပုဂ္ဂိုလ်ဖြစ်လျှင် တည်ဆဲဥပဒေအရ အရေးယူသွားမည် ဖြစ်သည်။

အဆိုပါ မဟနနှင့် မဘသ ဆရာတော်ကြီးများ၏ အထူးအစည်းအဝေး ဆုံးဖြတ်ချက်များကို မဘသ ဥက္ကဋ္ဌ ဆရာတော် ဦးတိလောက၊ မဘသ ဒု-ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသတို့က ဝန်ခံကတိ လက်မှတ်ရေးထိုးခဲ့သည်။

ထိုကဲ့သို့ မဟန ဆရာတော်ကြီးများက မဘသအမည် ဆက်လက်သုံးစွဲခွင့် မပြုခြင်းကြောင့် မေလ (၂၇၊ ၂၈) ရက်၌ ကျင်းပပြုလုပ်သော မဘသ လေးနှစ်ပြည့် ညီလာခံ အစည်းအဝေးတွင် မဘသအဖွဲ့ အမည်ကို ဗုဒ္ဓ ဓမ္မ ဖောင်ဒေးရှင်းအမည်ဖြင့် ပြောင်းလဲဖွဲ့စည်းခဲ့သည်။

J-09