News

POST TYPE

LATEST NEWS POST

သမိုင်းဆိုတာ တစ်ပတ်လည်တတ်တယ်
၁၉၉၅ ခုနှစ် ဇူလိုင်လထဲမှာ KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ (၁၁) ကြိမ်မြောက် ကွန်ဂရက်ကို မက်သရောထာဆိုတဲ့ ရွာကလေးမှာ ကျင်းပခဲ့ပါတယ်။ မက်သရောထာဆိုတဲ့ ရွာကလေးဟာ ကရင့်တော်လှန်ရေးနဲ့ တိုင်းရင်းသားလူမျိုးများရဲ့ သမိုင်းဝင် နေရာတစ်ခု ဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးများရဲ့ နိုင်ငံရေး သဘောတူညီချက် မက်သရောထာဆိုတဲ့ ကြေညာချက်ဟာ ပြည်တွင်းပြည်ပကို အတော်ရိုက်ခတ်ခဲ့တဲ့ သဘောတူညီချက်တစ်ခု ဖြစ်ပါတယ်။

၁၉၉၀ ပတ်ဝန်းကျင်တစ်ဝိုက်မှာ ဗမာပြည်နိုင်ငံရေးမှာ နဝတ၊ နယက စစ်အစိုးရရဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးတွေကို အပစ်အခတ်ရပ်စဲရေးဆိုတဲ့ နိုင်ငံရေးအရ ထိုးစစ်ဆင်နေတဲ့အချိန် ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း အသီးသီးဟာ အဲဒီကာလတုန်းက စစ်အစိုးရနဲ့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ အပစ်အခတ်ရပ်စဲရေးကို လုပ်ဆောင်နေတဲ့အချိန် ဖြစ်ပါတယ်။ စစ်ရေးအရ အပစ်အခတ်ရပ်စဲရေး လုပ်ပြီးတော့ နိုင်ငံရေးအရ ဆွေးနွေးမှုတွေ ဘာတစ်ခုမှ ဆောင်ရွက်ခဲ့တာမျိုး မရှိပါဘူး။ အပစ်အခတ်ရပ်စဲရေး လုပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အသီးသီးကို ဒေသဖွံ့ဖြိုးရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ စီးပွားရေး မက်လုံးတွေ ပေးပြီးတော့ အခွင့်ထူးခံ စီးပွားရေးကို ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ ညောင်နှစ်ပင်ဆိုတဲ့ အမျိုးသား ညီလာခံမှာ အပစ်ရပ် တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးကို မြူဆွယ်သိမ်းသွင်းပြီးတော့ ညောင်နှစ်ပင် ညီလာခံကို တက်ရောက်စေခဲ့တာ ဖြစ်ပါတယ်။

KNU ရဲ့ (၁၁) ကြိမ်မြောက် ကွန်ဂရက်မှာ ဗိုလ်ချုပ်ကြီး စောဘိုမြကို KNU ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ပြီး ဒု-ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်စောရွှေဆိုင်း အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် ပဒိုစောဘသင်စိန်၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ပဒိုမန်းရှာလားဖန်း အစရှိတဲ့ KNU ထိပ်တန်းခေါင်းဆောင်များကို ကွန်ဂရက်က ရွေးချယ်တင်မြှောက်ခဲ့ကြပါတယ်။

KNU ကွန်ဂရက်အပြီး မကြာခင်ကာလမှာပဲ KIO ရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဇော်မိုင်၊ နိုင်ငံခြားရေး ဌာနတာဝန်ခံ ဂျိန်းလွန်းတောင် ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ KNU ခေါင်းဆောင်များနဲ့ လာရောက်တွေ့ဆုံခဲ့ပါတယ်။ KNU ကိုယ်စားလှယ်အဖွဲ့မှာ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောဘိုမြ၊ ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ်စောရွှေဆိုင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ဖဒိုစောဘသင်စိန်၊ တွဲဖက်အတွင်းရေးမှူး ပဒိုမန်းရှာလားဖန်း၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောတာမလာဘော၊ ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောကစယ်ဒို၊ နိုင်ငံခြားရေး ဌာနတာဝန်ခံ ပဒိုစောအာသာ၊ မဟာမိတ် ဆက်ဆံရေး ဌာနတာဝန်ခံ ပဒိုမန်းငြိမ်းမောင်နဲ့ ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီး စောစိုးစိုးတို့ ပါဝင်ခဲ့ပါတယ်။

KIO ထိပ်တန်းခေါင်းဆောင်များနဲ့ KNU ထိပ်တန်းခေါင်းဆောင်များရဲ့ နှစ်ဖက်တွေ့ဆုံပွဲမှာ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဇော်မိုင်က အခုလို တင်ပြခဲ့ပါတယ်။ “အခု ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေဟာ အားလုံးနီးပါးလောက် နယက စစ်အစိုးရနဲ့ တွေ့ဆုံနေပါပြီ။ ဒီတွေ့ဆုံပွဲမှာ KNU တစ်ဖွဲ့ပဲ ကျန်တော့တယ်။ KNU ကို ကျွန်တော်တို့ စောင့်နေတယ်။ KNU သာ ပါဝင်လာမယ်ဆိုရင် ကျွန်တော်တို့ တိုင်းရင်းသားအားလုံးဟာ စုံစုံညီညီနဲ့ လက်တွဲနိုင်မယ်ဆိုရင် ဒီ နယက စစ်အစိုးရကို လိုချင်သလို နိုင်ငံရေးအရ ကိုင်မြှောက်ပစ်လို့ရတယ်”

KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဇော်မိုင် ပြောခဲ့တဲ့စကားဟာ အခုဆိုရင် ၂၂ နှစ်တိုင် ရှိခဲ့ပါပြီ။ ဗမာပြည်နိုင်ငံရေးရဲ့ အလှည့်အပြောင်းတွေ တိုင်းရင်းသား တော်လှန်ရေးများရဲ့ အလှည့်အပြောင်းတွေဟာ ဒီနှစ်ပေါင်း ၂၀ ကျော်ကာလ အတွင်းမှာ အမျိုးမျိုး ဖြစ်ပေါ်ပြောင်းလဲခဲ့ပါတယ်။ မင်းပြောင်းမင်းလွှဲများဟာလည်း တစ်ဆက်ပြီးတစ်ဆက် ပြောင်းလဲခဲ့ပါတယ်။

မနေ့တစ်နေ့ကမှ ပူပူနွေးနွေး ပြီးစီးသွားတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ ဒုတိယအစည်းအဝေးကြီးမှာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ စုံညီနီးပါး တက်ရောက်ခဲ့ကြပါတယ်။ ဒီညီလာခံကြီးမှာ KIO ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ တက်ရောက်ခဲ့ကြပါတယ်။

မေလ ၂၄ ရက်နေ့မှာ ညီလာခံကို စတင်ကျင်းပခဲ့ပါတယ်။ ညီလာခံ မစတင်ခင် နံနက်ပိုင်းအချိန်လေးမှာ အင်အားစု အသီးသီး ခေါင်းဆောင် အသီးသီးတို့ဟာ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ နွေးနွေးထွေးထွေး အပြန်အလှန် ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။ ဒီကြိုဆိုနှုတ်ဆက်ပွဲမှာ KIO အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အင်ဘန်လနဲ့ အပြန်အလှန် နှုတ်ဆက်ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး အင်ဘန်လနဲ့ တွေ့ဆုံနှုတ်ဆက်ခဲ့တဲ့ အချိန်လေးမှာ ဟိုး .... လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်က KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဇော်မိုင်၊ KNU ခေါင်းဆောင်များနဲ့ တွေ့ဆုံခဲ့စဉ်က ပြောကြားခဲ့တဲ့ စကားတွေ ကျွန်တော့်ခေါင်းထဲမှာ ပေါ်လာပါတယ်။ ဗိုလ်ချုပ်ကြီးဇော်မိုင် ပြောကြားခဲ့တဲ့ စကားအတိုင်း အခုဗိုလ်ချုပ်ကြီး အင်ဘန်လကို ကျွန်တော်ပြန်ပြောပြပါတယ်။

“ဗိုလ်ချုပ်ကြီးခင်ဗျာ။ လွန်ခဲ့တဲ့ ၁၉၉၅ ခုနှစ်တုန်းက ဗိုလ်ချုပ်ကြီးဇော်မိုင် KNU ခေါင်းဆောင်များနဲ့ တွေ့ဆုံခဲ့စဉ်တုန်းက အခုလို ပြောကြားခဲ့ပါတယ်။ အခုဆိုရင် ကျွန်တော်တို့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေဟာ နိုင်ငံရေးစားပွဲဝိုင်းကို စုံညီနီးပါးလောက် ရောက်ရှိနေပါပြီ။ KNU တစ်ဖွဲ့ပဲ ကျန်ပါတော့တယ်။ KNU သာ စားပွဲဝိုင်းကို ရောက်လာရင် ကျွန်တော်တို့ တိုင်းရင်းသားအားလုံးဟာ ဒီ နအဖကို ကိုင်မြှောက်ပစ်လို့ ရတယ်။”

ကျွန်တော်က ဆက်ပြီးပြောတယ်။ “ဗိုလ်ချုပ်ကြီးခင်ဗျာ အခုလည်းပဲ နိုင်ငံရေး စားပွဲဝိုင်းကို ကျွန်တော်တို့ တိုင်းရင်းသားအားလုံး စုံညီနီးပါး ရောက်ရှိနေပါပြီ။ KIO သာ နိုင်ငံရေးစားပွဲဝိုင်းကို ရောက်လာရင် ဒီအစိုးရကို ကိုင်မြှောက်ပစ်လို့ ရတယ်” လို့ ကျွန်တော် ပြောလိုက်ပါတယ်။ ကျွန်တော်ပြောလို့အပြီးမှာ ဗိုလ်ချုပ်ကြီးဟာ မှင်တက်မိပြီးတော့ အံ့သြသွားတဲ့ အမူအရာကို တွေ့ရပါတယ်။

ဗမာပြည်တော်လှန်ရေး၊ နိုင်ငံရေးဟာ မထင်မှတ်တာတွေ အင်မတန်ဖြစ်တတ်တဲ့ တိုင်းပြည်ပါ။ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ကျော်က KIO ရဲ့ ခေါင်းဆောင်ကြီးတစ်ဦးရဲ့ ပြောကြားခဲ့တဲ့ စကားကို အခု ကျွန်တော်က KIO ထိပ်တန်းခေါင်းဆောင်တစ်ဦးကို ပြန်လည်ပြောပြပါတယ်။

သမိုင်းဆိုတာ တစ်ပတ်လည်တတ်တယ်လို့ သမိုင်းပညာရှင် သုတေသီတွေက ပြောဆိုရေးသားကြတာကို သိမှတ်ရပါတယ်။ 

မန်းငြိမ်းမောင် (KNU)

ပဒိုမန်းငြိမ်းမောင်သည် ကရင်အမျိုးသားအစည်းအရုံး၏ ဗဟိုအလုပ်အမှုဆောင် ဖြစ်သလို မဟာမိတ်ဆက်ဆံရေး ဌာနတာဝန်ခံအဖြစ် လက်ရှိတာဝန်ယူထားသူ ဖြစ်သည်။ ငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင်လည်း ဦးဆောင်ပါဝင်လျက် ရှိသည်။ (အယ်ဒီတာ)