News

POST TYPE

LATEST NEWS POST

ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းနှင့် တွေ့ဆုံခြင်း

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံကို နေပြည်တော်တွင် မေလ ၂၄ ရက်နေ့မှ စတင်၍ ငါးရက်ကြာ ကျင်းပလျက်ရှိသည်။ ယင်းညီလာခံမှ နိုင်ငံအတွက် အရေးပါသော ဆုံးဖြတ်ချက်များ၊ ရလဒ်များ ထွက်ပေါ်လာမည်ဟုလည်း ဆိုသည်။ ညီလာခံ အလားအလာနှင့် လက်ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခြေအနေကို KNU ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းနှင့် The Voice တို့ တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြအပ်ပါသည်။

Voice - ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံက ဒီတစ်ခေါက်နဲ့ဆို သုံးကြိမ်မြောက် ရှိလာပြီပေါ့။ အရင်ညီလာခံတွေမှာ သိသာတဲ့ရလဒ် ဘာမှထွက်မလာခဲ့ဘူး။ ဒီတစ်ခေါက်တော့ နိုင်ငံအတွက် အရေးကြီးတဲ့ အခြေခံမူတွေ ချကြမယ်ပြောတော့ ဘယ်လိုရလဒ်တွေ ထွက်လာမှာလဲ အရင်ဆုံး မေးချင်ပါတယ်။ 

KNU - ကျွန်တော်တို့ မူလရည်ရွယ်တာက ဒီတတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်တဲ့ နေရာမှာ အားလုံးက လက်ခံနိုင်တဲ့ အခြေခံမူတွေ ဖော်ထုတ်နိုင်ဖို့ ကြိုးစားမယ်။ ဒီဆုံးဖြတ်ချက် လုပ်ခဲ့တယ်။ အခုက နိုင်ငံရေးကော နောက် စီးပွားရေး၊ လူမှုရေး၊ မြေယာ ဒီအခြေခံမူတွေ တချို့တော့ ရနိုင်မယ်လို့ ယုံကြည်တယ်။ အကုန်လုံးတော့ ရမှာမဟုတ်ဘူးပေါ့နော်။

Voice - ဒီညီလာခံ အခြေခံမူတွေ ရလာမယ် ပြောတယ်။ တစ်ဖက်မှာလည်း လက်နက်ကိုင်အဖွဲ့ကြီး တချို့အပါအဝင် အဖွဲ့အတော်များများက လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ မပါဘဲ ကျန်နေသေးတယ်။ သူတို့မပါဘဲ ရလာမယ့် အခြေခံမူတွေက ဘယ်လောက်ခိုင်မာမှု ရှိမလဲ။

KNU - အဲဒီမေးခွန်းက ကျွန်တော့်ကို တော်တော့်ကို မေးကြတယ်။ ကျွန်တော့်ရဲ့ ဆုံးဖြတ်မှုက ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေက ကျွန်တော်တို့ တိုင်းရင်းသား အကုန်လုံး မပါပါဘူး။ ချင်းရယ်၊ ကချင်ရယ်၊ ရှမ်းရယ်ပဲ ပါတယ်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအောက်မှာ ကျွန်တော်တို့ နေခဲ့ရတယ်။ ၁၉၇၄ ခုနှစ်မှာလည်း မဆလရဲ့ ဖွဲ့စည်းပုံအောက်မှာ ကျွန်တော်တို့ နေခဲ့ရတယ်။ ၂၀၀၈ မှာလည်း ကျွန်တော်တို့ မပါခဲ့ဘူး။ တကယ်လို့ အခု တွေ့ဆုံဆွေးနွေးပွဲက ရလာတဲ့ သဘောထားတွေ  ဆုံးဖြတ်ချက်တွေက အားလုံးက လက်ခံနိုင်လို့ ရှိရင်လည်း သူတို့ပါလာတဲ့အချိန်မှာ မငြင်းဘူးဆိုရင် ဘာမှပြဿနာ မရှိဘူးလေ။

ဥပမာ - ကျွန်တော်ပြောမယ်။ ကျွန်တော်တို့တွေ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ညှိနှိုင်းတုန်းက ABSDF မပါဘူး။ RCSS မပါဘူး။ ကျွန်တော်တို့ ၁၆ ဖွဲ့ ညှိတယ်။ ရလည်းရရော ၁၆ ဖွဲ့လုံးက အကုန်လုံးမထိုးဘူး။ တစ်ချက်မှ မညှိလာတဲ့ အဖွဲ့တွေက လက်မှတ်အရင်လာထိုးတာ။ ဆိုလိုချင်တာက ကျွန်တော်တို့က အခုဟာကို အားလုံးက လက်ခံနိုင်တဲ့ မူတွေချနိုင်မယ်ဆိုရင် အားလုံးက ပါလာမှာပဲလို့ ကျွန်တော်တို့ ယူဆပါတယ်။

Voice - ခုနက ၁၉၄၇ နဲ့ ၇၄ ခုနှစ် အခြေခံဥပဒေတွေကို ဥပမာပေး ပြောတော့ အဲဒီအခြေခံဥပဒေ နှစ်ခုကြောင့် ဖြစ်လာတဲ့ ပြဿနာတွေကလည်း အများကြီးပဲလို့ သိရပါတယ်။ အခုလည်း နောက်တစ်ခါ ဒီပုံစံပြန်ဖြစ်မှာ မစိုးရိပ်ဘူးလား ခင်ဗျာ။

KNU - ဒီလိုရှိပါတယ်။ ဆိုလိုတာက ဒီဟာကို ဟိုး ၄၇ ဟာလည်း ပြင်ချင်တယ်။ ၇၄ ကိုလည်း ပြင်ချင်တယ်။ ၂၀၀၈ ကိုလည်း ပြင်ချင်တယ်။ ဒီပုံစံအတိုင်းပဲ ဆိုပေမယ့် အခုရလာတဲ့ဟာကို မကျေနပ်ဘူး၊ လက်မခံဘူးဆို ပြင်ကြမှာပဲ။ ဒါပေမဲ့ လက်နက်ကိုင်နည်းလမ်းနဲ့ မပြင်နဲ့ပေါ့။ နိုင်ငံရေးနည်းလမ်းနဲ့ ပြင်ကြပေါ့။

Voice - အခု လူအများက ပြောနေတဲ့ ကိစ္စတစ်ခု ရှိပါတယ်။ ညီလာခံမှာ အဖွဲ့တွေ မစုံနိုင်သေးတဲ့ အကြောင်းပေါ့။ ဘယ်တော့လောက်မှများ လက်နက်ကိုင်အဖွဲ့တွေ ညီလာခံမှာ စုံစုံညီညီ ပါလာနိုင်မလဲ  သိချင်ကြပါတယ်။ ဘယ်လောက်အထိ စောင့်ကြရဦးမလဲ။

KNU - ကျွန်တော်တို့နိုင်ငံရဲ့ အနေအထားကတော့ တခြားနိုင်ငံရဲ့ အနေအထားနဲ့ ကွာခြားမှု ရှိတယ်။ တခြားနိုင်ငံမှာကျတော့ အဖွဲ့နှစ်ဖွဲ့ပဲ။ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်ပဲဖြစ်ဖြစ် အယူအဆမတူတဲ့ အဖွဲ့နှစ်ဖွဲ့ပဲ ရှိတယ်။ ကျွန်တော်တို့ နိုင်ငံမှာကျတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က အခု ၂၁ ဖွဲ့။ အနေအထားချင်းက မတူဘူး။ အကုန်လုံး ပါလာနိုင်ဖို့ထက် အကုန်လုံး လက်ခံတဲ့ မူတစ်ခုကို ရှာနိုင်လို့ရှိရင် ပါလာမှာပဲ။ ဆိုလိုတာက အခုအစိုးရကနေ ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ နောက် တိုင်းရင်းသား လက်ခံတဲ့ ဖက်ဒရယ် စုဖွဲ့မှုကို ဖွဲ့စည်းပုံကို ရေးမယ်ဆိုရင် ကျွန်တော်တို့ ဘာမှလုပ်စရာ မရှိတော့ဘူး။ 

Voice - အဓိကက အဖွဲ့စုံရေးထက် ပြဿနာ ပြေလည်ရေးကို ဦးစားပေးရမှာပေါ့။

KNU - ဒီဖက်ဒရယ်စနစ်ကို တည်ဆောက်မယ်ဆိုရင်၊ တိုင်းရင်းသားတွေ ရသင့်တဲ့ အခွင့်အရေး ရမယ်ဆိုရင် ဘယ်သူမှလည်း (လက်နက်ကိုင်) အဖွဲ့အစည်းရှိမှာ မဟုတ်တော့ဘူး။

Voice - အခုဆိုရင် ငြိမ်းချမ်းရေး ညီလာခံဟာ သုံးကြိမ်မြောက်ကို ရောက်လာပါပြီ။ အပစ်ရပ်စာချုပ် ရလာဖို့ ဆွေးနွေးကြတုန်းကတော့ တကယ့်ကို မြိုင်မြိုင်ဆိုင်ဆိုင် ရှိခဲ့တာ တွေ့ရပါတယ်။ အပစ်ရပ်စာချုပ် ရလာပြီး လက်မှတ်ထိုးအပြီး နောက်ပိုင်းမှာ ငြိမ်းချမ်းရေးက အီသွားတယ်လို့ မြင်ကြပါတယ်။ ဘယ်လိုအခက်အခဲတွေ ရှိနေတာလဲ ခင်ဗျာ။

KNU - အခက်အခဲကတော့ အစိုးရဘက်မှာလည်း ရှိတယ်။ ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင်တွေ ဘက်မှာလည်း အခက်အခဲရှိတယ်။ တစ်ဖွဲ့ချင်းမှာလည်း အခက်အခဲ ရှိတယ်။ ဒီတော့ ဒီအခက်အခဲတွေက ရှေ့ကို တစ်ဖက်ကနေပြီးတော့ အားလုံးပါလာနိုင်ဖို့ ကြိုးစားတယ်။ တစ်ဖက်ကလည်း ရှေ့ဆက်သွားဖို့ကို ကြိုးစားတဲ့အပေါ်မှာ ဒီအခက်အခဲက ရှိတာပေါ့။ အစိုးရကလည်း လွန်ခဲ့တဲ့အစိုးရနဲ့ လက်ရှိအစိုးရ ကြားထဲမှာလည်း အပြောင်းအလဲက အခက်အခဲ တစ်ခုပေါ့။ အစိုးရသစ်မှာလည်း သူတို့က အစိုးရရဲ့ နိုင်ငံရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်တဲ့ နေရာမှာလည်း လိုအပ်မှုတွေတော့ ရှိမှာပေါ့။ 

လက်နက်ကိုင်ဘက်မှာတော့ ရှင်းတယ်။ သူတို့က ဖြစ်ပေါ်လာတဲ့ သမိုင်းကြောင်း၊ တစ်ဖွဲ့ချင်းရဲ့  ရပ်တည်မှု၊ အဖွဲ့ရဲ့ ရည်မှန်းချက် မတူကြတဲ့အပေါ်မှာ စုစည်းရတာလည်း အခက်အခဲ ရှိပါတယ်။ အခက်အခဲက တစ်ဖက်ထဲ အပြစ်တင်လို့ မရဘူး ပြောလို့မရဘူး။ နှစ်ဖက်စလုံးက အခက်အခဲ ရှိတယ်။

Voice - နောက်တစ်ချက်ကတော့ ဒီနေ့ ညီလာခံ မတိုင်ခင်ရက်တွေမှာ ပြည်နယ်တွေအတွက် ကိုယ်ပိုင်အခြေခံဥပဒေတွေ ရေးဆွဲမယ့်ကိစ္စ တော်တော်ပြောလာကြတယ်။ ဒီလိုဆွဲနိုင်ပြီဆိုရင် ဘယ်လိုလုပ်ပိုင်ခွင့်တွေ ရလာမှာလဲ။

KNU - ရပိုင်ခွင့် ဆိုတာထက် ကျွန်တော်တို့ အခု UPDJC (ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု  ပူးတွဲကော်မတီ) မှာ အတည်ပြုပြီးတော့ တင်ပြမယ့်ဟာက လက်ခံထားတာက အခုနိုင်ငံရေးဆွေးနွေးပွဲက ရလာတဲ့ အခြေခံမူနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံပြင်မယ်။ ဒီဖွဲ့စည်းပုံရဲ့ သတ်မှတ်ချက်အတိုင်း ပြည်နယ်တွေက ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးရမယ်ဆိုတဲ့ဟာပေါ့။ ပြည်ထောင်စု အခြေခံဥပဒေကို ပြင်တဲ့ဟာက အရင်လာရမယ်။ အခု နိုင်ငံရေးဆွေးနွေးပွဲ ရလာတဲ့ဟာနဲ့မှ ဖွဲ့စည်းပုံ (၂၀၀၈) ကို ပြင်လို့ရမှာကိုး။ နိုင်ငံရေး သဘောတူညီချက်ပေါ့။

Voice - ဘာပဲဖြစ်ဖြစ်ပေါ့လေ။ ပြည်နယ်အခြေခံ ဥပဒေကိစ္စက အခုပြောလာကြရပြီ ဆိုတော့ KNU    မှာရော ကရင်ပြည်နယ်အတွက် အခြေခံဥပဒေ ပြင်ဆင်ထားတာ ရှိပါသလား။

KNU - ကျွန်တော်တို့ KNU  မှာ ကရင်ပြည်နယ် ဖွဲ့စည်းပုံ ရေးထားတာ ကြာလှပြီ။ အဆင်သင့် ရှိထားပြီးသား။ တခြားပြည်နယ်တွေမှာလည်း အဆင်သင့် ရှိထားပြီးသား။ ချင်းမှာဆို ကျွန်တော်တို့ထက်တောင် ပိုများတယ်။ တတိယမူကြမ်းအဆင့် ရောက်နေပြီ။ KNU က ဒုတိယမူကြမ်းပဲ ရှိသေးတယ်။ 

Voice - နောက်ဆုံးတစ်ခုလောက် မေးပါရစေ။ အခုက ငြိမ်းချမ်းရေး ဆွေးနွေးတာလည်း လေးငါးနှစ်  မကတော့ဘူး။ ဒါပေမဲ့ ရှေ့တန်းမှာ တိုက်ပွဲတွေက ဖြစ်နေတုန်း နှစ်ဖက်အရာရှိ တပ်သားတွေ ကျဆုံးနေကြတုန်း။ ပြည်သူတွေ ထွက်ပြေးနေကြရတုန်းပဲ။ ကြာလာတော့ လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို  ပြည်သူတွေ စိတ်ပျက်သွားမှာ မစိုးရိမ်ကြဘူးလား ခင်ဗျာ။

KNU - ကျွန်တော်တို့ စစ်တိုက်လာခဲ့တာ နှစ်ပေါင်းခြောက်ဆယ်။ ခြောက်ဆယ်အတွင်းမှာ စိတ်မညစ်ဘဲနဲ့ အခု ငြိမ်းချမ်းရေး တည်ဆောက်နေတာ ဘယ်နှနှစ် ရှိပြီလဲ။ NCA လက်မှတ်ထိုးတာ တစ်နှစ်ပဲ ရှိသေးတယ်။ ဒီခြောက်ဆယ်ကျော်အတွင်းမှာ ရှိတဲ့ အာဃာတတရားတွေ၊ မုန်းတီးမှုတွေ၊ စိုးရိမ်မှုတွေ၊ သံသယရှိမှုတွေ ပပျောက်ဖို့အတွက်ကတော့ အချိန်ယူရဦးမယ်။ အခုက ယုံကြည်မှုရှိရှိနဲ့ သတ္တိရှိရှိနဲ့ ကြိုးစားဆောင်ရွယ်မယ်၊ သည်းခံပြီး ဆောင်ရွက်မယ်။ ကျွန်တော်တို့က အပြည့်အဝ ယုံကြည်တယ်။ ယုံကြည်တဲ့နေရာမှာ တစ်ဖက်တည်းက မဟုတ်ဘူး။ အစိုးရဘက်မှာလည်း  ဒီသဘောထားရှိမှာပဲ။ ကျွန်တော်ကတော့ ဒီနည်းလမ်းအတိုင်းပဲ ဆက်သွားရမှာပဲ။ ဒါပေမဲ့ အချိန်ယူရမယ်။ နှစ်ပေါင်းခြောက်ဆယ်တော့ မကြာဘူးလေ။ လူလည်း မသေဘူး။ ဒါပေမဲ့ နည်းနည်းတော့ ပင်ပန်းတယ်။ လူတွေကလည်း သတ္တိရှိရှိလုပ်ဖို့ လိုတယ်။ ဆွေးနွေးမှုအပေါ်မှာ ကိုယ့်ရဲ့ရပ်တည်ချက်အတိုင်း ဆွေးနွေးသွားမယ်။ ကျွန်တော်တော့ အဲဒီလိုပဲ ယုံကြည်တယ်။ 

နော်ကိုကို