News

POST TYPE

LATEST NEWS POST

မုတ်သုံလေအားကြောင့် မိုးဆက်လက်ရွာသွန်းမည်
19-May-2017 tagged as မိုးလေဝသ

ရန်ကုန်၊ မေလ ၁၉

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေမှုကြောင့် မြန်မာနိုင်ငံတစ်ဝန်းတွင် မိုးဆက်လက်ရွာသွန်းမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

အဆိုပါ မုတ်သုံလေ အားကောင်းနေမှုကြောင့် လာမည့်နှစ်ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် မိုးရွာသွန်းမည် ဖြစ်သည်။

ယင်းအပြင် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း၊ တောင်ပိုင်း)၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် မိုးထစ်ချုန်းရွာသွန်းမည် ဖြစ်ကြောင်း  အဆိုပါ ဌာနထံမှ သိရသည်။

မုတ်သုံကာလအတွင်း ညနေပိုင်းတွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ပြီး မိုးတိမ်တောင်များကြောင့် လျှပ်စီးလက်ခြင်း၊ မိုးခြိမ်းခြင်း၊ နေရာကွက် မိုးသည်းထန်ခြင်း၊ မိုးသက်လေပြင်း တိုက်ခတ်ခြင်း၊  မိုးသီးကြွေကျခြင်းနှင့် မိုးကြိုးပစ်ခြင်းတို့ ဖြစ်ပေါ်စေတတ်ရာ သတိထားရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ဆိုသည်။ 

မိုးရွာသွန်းမှု အားကောင်းချိန်အတွင်း မြစ်ဝကျွန်းပေါ်ဒေသ၊ မုတ္တမကွေ့၊ မွန်ပြည်နယ်မှ တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများ ကျရောက်နိုင်ကာ ရေပြင်၊ မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက  သတင်းထုတ်ပြန်ထားသည်။