News

POST TYPE

LATEST NEWS POST

ကိုရီးယားက မြန်မာကို ဆန်တန်ချိန် ၅၀ဝ လှူမည်
19-May-2017 tagged as ဆန်

ရန်ကုန်၊ မေ ၁၉

နိုင်ငံတကာ စားနပ်ရိက္ခာ အကူအညီပေးရေး အစီအစဉ်အရ တောင်ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံကို ဆန်တန်ချိန် ၅၀ဝ ပေးပို့လှူဒါန်းသွားမည် ဖြစ်ကြောင်း တောင်ကိုရီးယား စိုက်ပျိုးရေး ဝန်ကြီးဌာနကို  ကိုးကား၍ Yonhap သတင်းဌာနက ရေးသားထားသည်။

ယင်းသို့ လှူဒါန်းမည့် အစီအစဉ်ကို အာဆီယံ + ၃ အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်း ဖြစ်ပြီး အရေးပေါ် အရန်ဆန်မှ  ထုတ်နုတ်၍ ဒေသတွင်း စားနပ်ရိက္ခာ အထောက်အပံ့အဖြစ် ရည်ရွယ်လှူဒါန်းခြင်း ဖြစ်ကြောင်း အထက်ပါ သတင်းတွင် ထပ်လောင်းဖော်ပြသည်။

မြန်မာနည်းတူ ဒေသတွင်း အိမ်နီးချင်းဖြစ်သော ကမ္ဘောဒီးယားနိုင်ငံသည်လည်း တောင်ကိုရီးယား၏ ဆန်အလှူကို လက်ခံရရှိမည်ဖြစ်ပြီး ကမ္ဘောဒီးယားအတွက် ဆန်တန်ချိန် ၂၅၀ သတ်မှတ် ကြောင်း၊ ဆန်တင်သင်္ဘောများသည် တောင်ကိုရီးယားဆိပ်ကမ်းမှ သောကြာနေ့တွင် ထွက်ခွာမည် ဖြစ်ကြောင်း တောင်ကိုရီးယား စိုက်ပျိုးရေး ဝန်ကြီးဌာနက ဆိုသည်။

ဆန်အလှူအစီအစဉ်မှာ တောင်ကိုရီးယားနိုင်ငံ သမိုင်းတွင် ပထမဆုံးအကြိမ် ဖြစ်ပြီး အစိုးရ၏ အရန်ဆန်မှ တတိယနိုင်ငံသို့ နိုင်ငံတကာမူဘောင်များနှင့်အညီ ပထမဆုံး လှူဒါန်းခြင်း ဖြစ်ကြောင်း စိုက်ပျိုးရေး၊ စားနပ်ရိက္ခာနှင့် ကျေးလက်ဝန်ကြီးဌာနက ဆိုသည်။

ထို့အပြင် တောင်ကိုရီးယားသည် ကမ္ဘာ့ကုလသမဂ္ဂထံမှ ကူညီထောက်ပံ့မှုကို ရာစုနှစ်ဝက်ကြာ လက်ခံနေခဲ့ရာမှ ပြည်ပနိုင်ငံသို့ ပြန်လည်အကူအညီပေးလှူဒါန်းသည့် တစ်ခုတည်းသောနိုင်ငံ အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ 

အာဆီယံနှင့် တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်တို့ ပါဝင်သည့် အာဆီယံ + ၃ ၏ အရေးပေါ် စားနပ်ရိက္ခာ လုံခြုံရေး အစီအစဉ်ကို ၂၀၁၃ ခုနှစ်တွင် စတင်ခဲ့ပြီး ရေကြီးခြင်း၊ မိုးခေါင်ရေရှား၍ စားနပ်ရိက္ခာ ပြတ်တောက်ခြင်း အခြေအနေများအတွက် ကူညီထောက်ပံ့ရန် ရည်ရွယ်ထားသည်။