POST TYPE

LATEST NEWS POST

တမူးဒေသခံ လေးဦးကို လဝက အက်ဥပဒေဖြင့် ဖမ်းဆီး
19-May-2017 tagged as တမူး

မန္တလေး၊ မေ ၁၉

မြန်မာ-အိန္ဒိယနယ်စပ်တွင် မေလအတွင်း ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီးနောက် နယ်စပ်လုံခြုံရေးကို တင်းကျပ်စွာဆောင်ရွက်နေရာ ၁၇ ရက်နေ့က အိန္ဒိယဘက်သို့ တရားမဝင် သွားရောက်ခဲ့သည့် တမူးဒေသခံ လေးဦးကို လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေဖြင့် ဖမ်းဆီးထားကြောင်း  တမူးမြို့မ ရဲစခန်းထံမှ သိရှိရသည်။

“လုံခြုံရေးအတွက် အဖွဲ့စုံနဲ့ လှည့်ကင်းတွေ လုပ်တဲ့အချိန်မှာ သူတို့က ဗုံးပေါက်ကွဲမှုတွေ ဖြစ်နေတဲ့ မိုရေး (အိန္ဒိယ) ဘက်က ပြန်လာကြတယ်။ အလုပ်သွားလုပ်ပြီး ပြန်လာကြတယ်လို့တော့ ပြောတယ်။ ကျွန်တော်တို့ဘက်က ဟိုဘက်ကို  လုံးဝသွားခွင့် မရှိဘူး။ လဝက ကတိုင်လို့ အရေးယူထားတယ်” ဟု အဆိုပါစခန်း စခန်းမှူး ဒုရဲမှူးဇော်ထွန်းက ပြောကြားသည်။

ဗုံးကွဲမှုဖြစ်စဉ်များနှင့် ပတ်သက်မှု  ရှိ မရှိကိုမူ စစ်ဆေးနေဆဲဖြစ်ပြီး လတ်တလောတွင် လူဝင်မှုကြီးကြပ်ရေးအက်ဖြင့်သာ အရေးယူထားကြောင်း ၎င်းက ဆိုသည်။

တမူးမြို့ပေါ်တွင် မေလ ၁၆ ရက်နေ့  နံနက် ၃ နာရီဝန်းကျင်က ဆယ်မိနစ်သာ ခြား၍ ဗုံးဟုယူဆရသည့် ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး နောက်တစ်နေ့တွင်လည်း မိုရေးမြို့ဘက်တွင် ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ တမူးမြို့တွင် ပေါက်ကွဲမှုကြောင့် လူထိခိုက်သေဆုံးခြင်း မရှိဘဲ  အဆောက်အအုံချို့ကိုသာ ထိခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ကျွန်တော်တို့ဘက်မှာ မကြာခဏ ဗုံးပေါက်တာတွေ ဖြစ်ပေမယ့် အခုရက်ပိုင်းက ခပ်စိပ်စိပ် ဖြစ်နေတယ်။ ကျွန်တော်တို့ ဘက်ခြမ်းမှာ ဖြစ်တာကော၊ ဟိုဘက်ခြမ်းမှာ ဖြစ်တာကောပဲ။ ဘယ်သူက လုပ်တယ် ဆိုတာ လက်သည်လည်း မပေါ်ဘူး ဖြစ်နေတယ်” ဟု တမူးမြို့ဒေသခံ တစ်ဦးက  ပြောဆိုသည်။

မြန်မာ-အိန္ဒိယနယ်စပ်တွင် ယင်းကဲ့သို့ ပေါက်ကွဲမှုများ၊ ဗုံးကွဲမှုများ မကြာခဏ ဖြစ်ပေါ်နေရခြင်းမှာ နယ်စပ်ခြံစည်းရိုး မရှိသည့် အားနည်းချက်ကြောင့် ဖြစ်ကြောင်း၊ ယင်းအတွက် လုံခြုံရေး အပြည့်အဝ လုပ်ဆောင်နိုင်ခြင်း မရှိကြောင်း ဒုရဲမှူး ဇော်ထွန်းက ပြောကြားသည်။

“ခြံစည်းရိုးကို သံဆူးကြိုးနဲ့ကာရင် အဲဒါကိုဖြုတ်ပြီး ဘိန်းစားတွေက ရောင်းစားကြတယ်။ တိုင်နဲ့ကာရင် အဲဒါကိုလည်း ဖြုတ်ပြီး ရောင်းစားကြတယ်။ ဒါကြောင့် ခြံစည်းရိုးက သေသေချာချာမရှိဘူး ဖြစ်နေတယ်။ နယ်စပ်တစ်လျှောက်ကိုလည်း ကျွန်တော်တို့က လုံခြုံရေး မလုပ်နိုင်ဘူး။ တစ်ခုခုဖြစ်ရင် ဟိုဘက်ကို ထွက်ပြေးကြတာမျိုးလည်း ရှိတော့ ဖမ်းဆီးဖို့အတွက် အခက်အခဲလည်း ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

မေလဆန်းပိုင်းအချိန်ကလည်း အိန္ဒိယနိုင်ငံဘက်သို့ ကျောင်းသွားတက်ပြီး နယ်စပ်ဂိတ်မှတစ်ဆင့် တရားမဝင် ပြန်လည်ဝင်ရောက်လာသည့် ကျောင်းသားလေးဦးကို လဝကအက်ဖြင့် အရေးယူခဲ့ကြောင်း တမူးမြို့မ ရဲစခန်းမှ သိရသည်။