News

POST TYPE

LATEST NEWS POST

HIV/AIDS ကာကွယ်ကုသရေးအတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၈၀ လိုအပ်
19-May-2017 tagged as HIV

နေပြည်တော်၊ မေ ၁၈

HIV နှင့် AIDS ကာကွယ်ကုသရေး လေးနှစ်အတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၈၀ လိုအပ်နေသည်ဟု ခုခံအားကျဆင်းမှုရောဂါ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း မန်နေဂျာ ဦးထွန်းညွန့်ဦးက ပြောကြားသည်။ 

နေပြည်တော်တွင် မေလ ၁၇ ရက်က ပြုလုပ်သော ခုခံအားကျဆင်းမှုရောဂါ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်းမြန်မာ၂၀၁၆-၂၀၂၀ မိတ်ဆက်ပွဲတွင် ဦးထွန်းညွန့်ဦးက ယခုဘတ်ဂျက်နှစ်မှစပြီး လာမည့် လေးနှစ်အတွင်း HIV နှင့် AIDS ကာကွယ်ကုသရေးအတွက် အစိုးရနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက ဒေါ်လာ သန်း ၂၆၀ ထည့်ဝင်ရန် လျာထားပြီး ယင်းရောဂါများ ဆက်စပ်သည့် ကုသရေးပိုင်းများ ဆောင်ရွက်ရန် နိုင်ငံတကာ အလှူရှင်များ၏ကူညီမှုများဖြင့် ပေါင်းစပ်လျှင် ဒေါ်လာ သန်း ၃၀၀ ရထားသော်လည်း ဒေါ်လာသန်း ၃၈၀ ခန့် ကုန်ကျမည်ဟု ခန့်မှန်းထားသောကြောင့် ကျန်ငွေကြေး ဒေါ်လာသန်း ၈၀ ကို ပြည်တွင်းမှ ဝိုင်းဝန်းအကူအညီပေးနိုင်ရန် မီဒီယာများက ဝိုင်းပြီး ကူညီမှုပေးစေလိုကြောင်း ၎င်းက ပြောကြားသည်။

“အခုအချိန်မှာ ဒီရောဂါတွေနဲ့ ပတ်သက်ပြီး အစိုးရကော နိုင်ငံတကာကပါ ငွေကြေးတွေ တစ်နှစ်ထက်တစ်နှစ် ပိုသုံးစွဲလာတဲ့အတွက် ဆေးဝါးရရှိမှုတွေဟာ အရင်ကလို စောင့်နေစရာ မလိုတော့” ဟု ၎င်းက ဆိုသည်။

ခုခံအားကျဆင်းမှု ကူးစက်ရောဂါဆိုင်ရာ အမျိုးသား မဟာဗျူဟာ စီမံကိန်း ၂၀၁၆-၂၀၂၀ တွင် ကုသရေး ရည်မှန်းချက်အဖြစ် လမ်းညွှန်ဖော်ပြထားသော ၂၀၂၀ ခုနှစ်တွင် ကုသမှု ခံယူနေသူများ အနက် ၉၀ ရာခိုင်နှုန်းသည် HIV ပိုးကောင်ရေ ထိန်းချုပ်နိုင်သည့်အဆင့် ရှိရေး ကုသရေး ရည်မှန်းချက်အဖြစ် ဖော်ပြထားကြောင်းနှင့် ၎င်းတို့ကို ဆောင်ရွက်နိုင်ရန်အတွက် ပိုးကောင်ရေး စစ်ဆေးသည့် စက်လုံလောက်မှု မရှိခြင်း ကျွမ်းကျင်ပညာရှင် လုံလောက်မှု မရှိခြင်းနှင့်ဆက်စပ်ပစ္စည်းများ လုံလောက်ခြင်း မရှိသေးသည့်အတွက် ကုသမှု ခံယူနေသူတိုင်း ပုံမှန်ပိုးကောင်ရေ စစ်ဆေးနိုင်ရန်အတွက် အခက်အခဲများစွာ ရှိနေသည်ဟု မြန်မာနိုင်ငံ အိပ်ခ်ျအိုင်ဗီပိုးနှင့် နေထိုင်သူများအသင်း၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ် စာရင်းအရ HIV ပိုး ကူးစက်ခံစားနေရသူပေါင်း ၂၂၅၀၀၀ ရှိပြီး ART ဆေးနှင့် ကုသပေးနေသူပေါင်း ၁၇၀,၀၀၀ ကို ကုသပေးနေကြောင်းနှင့် နောင်လာမည့် ၂၀၃၀ တွင် HIV ရောဂါကို ပြည်သူ့ကျန်းမာရေး ပြဿနာအဖြစ်မှ ဖယ်ရှားနိုင်မည်ဟု ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ စုံစမ်းသိရှိရသည်။        
     
T.L