News

POST TYPE

LATEST NEWS POST

လျှပ်စစ်မီတာခများ မြင့်တက်မည် ဖြစ်သော်လည်း ဆွေးနွေးဆဲသာဖြစ်
12-May-2017 tagged as လျှပ်စစ်

ရန်ကုန်၊ မေ ၁၂

နိုင်ငံတစ်ဝန်း လျှပ်စစ်မီတာခများကို မြင့်တက်မည် ဆိုသော်လည်း လက်ရှိအချိန်တွင် ဆွေးနွေးဆဲ အဆင့်သာ ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီထံမှ သိရသည်။ 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ တိုင်းနှင့်ပြည်နယ် လျှပ်စစ်ဝန်ကြီးများနှင့် အဆိုပါ ကော်မတီတို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးသည်မှာ နှစ်ကြိမ်ရှိခဲ့ပြီ ဖြစ်သည်။

လျှပ်စစ်ကဏ္ဍ အရှုံးပေါ်နေမှု၊ လက်ရှိကောက်နေသည့် မီတာခများအပေါ်  ပြန်လည်သုံးသပ်မှု၊ အရှေ့တောင်အာရှ အပါအဝင် နိုင်ငံတကာ လျှပ်စစ်မီတာခ ဈေးနှုန်းများနှင့် နှိုင်းယှဉ်မှုတို့ကို အဆိုပါ ဆွေးနွေးပွဲတွင် ပြုလုပ်ခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးထက်က ပြောကြားသည်။

လာမည့် ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက လျှပ်စစ်မီတာခနှင့် ပတ်သက်၍ တင်ပြသွားရန် ရှိကြောင်းလည်း ၎င်းက ဆိုသည်။

တစ်ယူနစ်မှ ယူနစ် ၅၀ အထိကိုလည်း သက်သာသော နှုန်းထားဖြင့် မီတာခ ကောက်ခံရန် ဝန်ကြီးဌာနနှင့် ဆွေးနွေးပွဲ တွင် တင်ပြထားကြောင်း ဦးနေမျိုးထက်က ဆိုသည်။

“ကျွန်တော်တို့က အရာရာကို  သုံးသပ်နေတဲ့ အဆင့်ပဲ ရှိပါသေးတယ်။ ကျွန်တော်တို့ တောက်လျှောက်ထပ်တွေ့ဦးမှာ။ အခုချိန်မှာတော့ အခြေခံလူတန်းစားတွေ မထိခိုက်အောင် ထည့်သွင်းစဉ်းစားနေပါတယ်” ဟု ၎င်းက ပြောကြားသည်။

ယခုဘဏ္ဍာနှစ်အတွင်း မီတာခ တိုးမြှင့်ကောက်ခံခြင်း ရှိ၊ မရှိကိုမူ ဆက်လက်ဆွေးနွေးရဦးမည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အတွင်းရေးမှူး ဦးအောင်ဇော်မြင့်က ဆိုသည်။

“တက်တာကတော့ အခြေအနေ အရ တက်ရမှာပေါ့ဗျာ။ ကျွန်တော်တို့လည်း နိုင်ငံခြားက ပညာရှင်တွေနဲ့ ဆွေးနွေးနေပါတယ်။ ကျွန်တော်တို့ ကော်မတီကလေ။ ပြည်သူကို မထိခိုက်ဘဲနဲ့  တက်လို့ရမယ့်နည်းကို ဆွေးနွေးနေဆဲပဲ ရှိပါသေးတယ်။ ကျွန်တော်တို့လည်း အဖြေတစ်ခုတော့ မထုတ်နိုင်သေးဘူး” ဟု ၎င်းက ဆိုသည်။

အစိုးရသည် လျှပ်စစ်တစ်ယူနစ်လျှင် ၂၀ ဒသမ ၂၂ ကျပ် အရှုံးပေါ်လျက် ရှိပြီး ယခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ကျပ် ၃၃၃ ဘီလီယံ အရှုံးပေါ်မည် ဖြစ်ကြောင်း မေလ ၁၁ ရက်က ပြုလုပ်သည့်  လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လစဉ်ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် အဆိုပါ ဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန်  ဦးဌေးအောင်က ပြောကြားထားသည်။

ပြီးခဲ့သည့် လပိုင်းကမူ ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်မီတာခများ ယခုဘဏ္ဍာနှစ်မှစ၍ သုံးဆမြင့်တက်မည်ဟု သတင်းများ ထွက်ပေါ်လာခဲ့ပြီး ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့သေးသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်မီးရရှိမှုမှာ  လူဦးရေ၏ ၃၇ ရာခိုင်နှုန်းသာ ရှိသည်။