News

POST TYPE

LATEST NEWS POST

သံလွင်မြစ်ပေါ် တည်ဆောက်မည့် ရေကာတာ ပြည်သူများကို ခြိမ်းခြောက်
06-May-2017 tagged as လျှပ်စစ်

မော်လမြိုင်၊ မေ ၆

သံလွင်မြစ်ပေါ် ရေကာတာ တည်ဆောက်မည့် စီမံကိန်းနှင့် ပတ်သက်၍ ပြည်သူများအတွက် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်နေကြောင်း မေလ ၃ ရက်နှင့် ၄ ရက်နေ့တွင် ပြုလုပ်သည့် သံလွင်အလှ စကားဝိုင်းနှင့် ယဉ်ကျေးမှု ဖလှယ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲအပြီး ထုတ်ပြန်ခဲ့သည်။ 

“သံလွင်မြစ်မှာ ရေကာတာ တည်ဆောက်မယ်ဆိုရင် သံလွင်မြစ်တစ်လျှောက်မှာ ရှိနေတဲ့ လူတွေအတွက် ခြိမ်းခြောက်မှုတစ်ခုလို ခံစားနေရတယ်၊ ဟတ်ကြီး ရေကာတာကတော့ အစိုးရက ပြည်သူကို တိတိကျကျ ချပြတာမရှိဘူး၊ ခြိမ်းခြောက်မှုပဲ ခံနေရတယ်”ဟု ယင်းဆွေးနွေးပွဲမှ ပြောရေးဆိုခွင့်ရှိသူ ဦးစောသန်းဦးက ပြောကြားသည်။ 

ဆွေးနွေးပွဲတွင် သံလွင်မြစ်ပေါ်တွင် ရေကာတာ တည်ဆောက်ခြင်းဖြင့် သံလွင်မြစ် အောက်ပိုင်းနှင့် အပေါ်ပိုင်းတို့၏ ကောင်းကျိုး ဆိုးကျိုးများ၊ ရေကာတာမှ ထွက်ရှိလာမည့် ရေအားလျှပ်စစ်နှင့် ပတ်သက်၍ ကောင်းကျိုး ဆိုးကျိုးများကို ဆွေးနွေးခဲ့ကြောင်း၊ ရေကာတာ တည်ဆောက်ပါက သံလွင်မြစ်၏ အလှများ၊ ငြိမ်းချမ်းရေး သဘောတရားများလည်း ပျက်ပြားနိုင်သဖြင့် ရေကာတာ မဆောက်သင့်ဟု ဆုံးဖြတ်ခဲ့ကြောင်း၊ လက်ရှိအစိုးရကိုလည်း သံလွင်မြစ်ပေါ် ရေကာတာ မဆောက်ရေး၊ သံလွင်မြစ်ကို ထိန်းသိမ်း ကာကွယ်ရေးကို တောင်းဆိုမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ 

ပြည်သူများ၏ သဘောဆန္ဒများကို ရယူသင့်သော မူဝါဒတစ်ရပ် ရှိလာစေရန်နှင့် လျှပ်စစ်နှင့်ပတ်သက်၍ အခြားလွယ်ကူသည့် နည်းလမ်းနှင့် ရယူနိုင်သဖြင့် ရေကာတာ တည်ဆောက်ရန် မလိုအပ်ကြောင်း ကရင် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ လှုပ်ရှားမှုကွန်ရက် (KESAN) အဖွဲ့မှ စောသာဘိုးက ပြောကြားသည်။ 

ဆွေးနွေးပွဲအပြီးတွင် ပြည်တွင်း၌ လိုအပ်နေသော လျှပ်စစ်ဓာတ်အားကို ဗဟို ချုပ်ကိုင် ဖြန့်ဖြူးမှုနည်းလမ်း တစ်ခုတည်းကို မရွေးချယ်သင့်ကြောင်း၊ အသေးစား အလတ်စား လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးတစ်ရပ်ကို အစိုးမှ မူဝါဒ ချမှတ်ရေး၊ သံလွင်မြစ်ပေါ်တွင် မှီတင်း နေထိုင်သော ပြည်သူများနှင့် သဘာဝ သယံဇာတများအတွက် ရေကာတာသည် ခြိမ်းခြောက်မှု တစ်ရပ်ဖြစ်နေကြောင်း၊ ရေကာတာကြောင့် ပြည်သူများ အိုးမဲ့ အိမ်မဲ့ ဖြစ်နေ၍ ခိုင်မာ၍ အာမခံချက်ရှိသည့် နိုင်ငံရေး ရလဒ်ကို မဖော်ဆောင်နိုင်သည့် ကာလပတ်လုံး သံလွင် မြစ်ပေါ် ရေကာတာ တည်ဆောက်ခြင်း မပြုသင့်ကြောင်း စသည့် အချက်များကို ထုတ်ပြန်ခဲ့သည်။ 

သံလွင်အလှ စကားဝိုင်းနှင့် ယဉ်ကျေးမှု ဖလှယ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲကို လှိုင်းဘွဲ့မြို့နယ်ရှိ သံလွင်မြစ်ထဲတွင် အကြီးဆုံးကျွန်းဖြစ်သည့် ကော့လုံကျွန်းပေါ်ရှိ ငှက်ပျောတောရွာတွင် ကရင်ပြည်နယ် ကရင်သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ လှုပ်ရှားမှုကွန်ရက် (KESAN) မှ ဦးဆောင် ပြုလုပ်ခဲ့သည်။