News

POST TYPE

LATEST NEWS POST

အိမ်တွင်း အကြမ်းဖက်ခံရသည့် တိုင်ကြားမှု အကြိမ် ၃၀ ခန့်ရှိ
06-May-2017 tagged as အကြမ်းဖက်

ရန်ကုန်၊ မေ ၆

ယခုနှစ် ပထမ လေးလအတွင်း လူမှုဝန်ထမ်း ဦးစီးဌာန၏ ပြည်သူ့ဆက်ဆံရေးဌာနခွဲ ဟော့လိုင်း ဖုန်းနံပါတ်သို့ အမျိုးသမီးများ အိမ်တွင်း အကြမ်းဖက်ခံရမှု ဖြစ်စဉ်များ ဆက်သွယ် တိုင်ကြားမှု အကြိမ် ၃၀ ခန့်ရှိကြောင်း ရန်ကုန်တိုင်း လူမှုဝန်ထမ်း ဦးစီးဌာနထံမှ သိရသည်။

အဆိုပါ တိုင်ကြားမှုများအနက် လင်မယားချင်း နိုင့်ထက်စီးနင်း အနိုင်ကျင့်ခံရခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရခြင်းစသော ဖြစ်စဉ်အချို့ကို လူမှုဝန်ထမ်းဌာနမှ အကြံပြု ဆွေးနွေးမှုများ ပြုလုပ်ပေးခဲ့ကြောင်း ရန်ကုန်တိုင်း လူမှုဝန်ထမ်း ဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

“ဟော့လိုင်းဖုန်းတွေ ဆိုတော့ တိုင်ကြားတဲ့ အကြောင်းအရာက မျိုးစုံရှိတာပေါ့၊ ဒီအထဲက အမျိုးသမီးတွေ အကြမ်းဖက်ခံရလို့ ကူညီဖြေရှင်း ဆောင်ရွက်ပေးနေတာ”ဟု ၎င်းကရှင်းပြသည်။

ပြည်သူများ အခက်အခဲ ဖြစ်ပေါ်ပါက ဆက်သွယ် ဖြေရှင်းပေးရန် ပြည်သူ့ ဆက်ဆံရေး ဌာနကို ၂၀၁၆ ခုနှစ် မေလခန့်က ကမ္ဘာအေး ဘုရားလမ်းနှင့် ပါရမီလမ်းထောင့်ရှိ သက်ကြီးရွယ်အိုများ နေ့ပိုင်း စောင့်ရှောက်ရေး ဂေဟာဝင်းတွင် စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

“တချို့ ရာဇဝတ်မှုနဲ့ မကင်းတဲ့ ပြဿနာတွေ ဆိုရင်တော့ သက်ဆိုင်ရာ ဌာနကို လွှဲပြောင်း ချိတ်ဆက်ပေးတယ်၊ လိုအပ်တာတွေ ကူညီပေးတယ်၊ မနှစ်က ဖွင့်စဆိုတော့ ပြည်သူတွေ သိပ်မသိကြသေးတာ။ ဆက်သွယ် အကူအညီ တောင်းခံမှုမျိုးစုံ အကြိမ်တစ်ရာလောက် ရှိခဲ့တယ်”ဟု ပြည်သူ့ဆက်ဆံရေး ဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ဖြည့်စွက် ပြောကြားသည်။

ပြည်သူများအနေနှင့် သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များ စွန့်ပစ်ခံရခြင်း၊ ကိုယ်လက်အင်္ဂါ ချို့ယွင်းသည့် မသန်စွမ်းမှုများ၊ ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေး၊ အိမ်တွင်း အကြမ်းဖက်ခံရမှု၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရမှု အပါအဝင် လူမှုရေး အခက်အခဲ ပြဿနာများနှင့် ကြုံတွေ့ပါက ဖုန်းနံပါတ် ဝ၉ ၄၅၃၁၉၇၂၂၅ သို့ အစိုးရရုံးဖွင့်ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲအတွင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်သည်။  

J-17