News

POST TYPE

LATEST NEWS POST

မန္တလေးတိုင်း ယခုနှစ်နွေရာသီ မီးမပြတ်နိုင်တော့ဟုဆို

မန္တလေး၊ မေ ၎

မန္တလေးတိုင်းအတွင်း ယခုနှစ် နွေရာသီ မီးမပြတ်နိုင်တော့ကြောင်း မန္တလေးမြို့တော် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ကော်ပိုရေးရှင်းထံမှ သိရှိရသည်။

နှစ်စဉ် ဧပြီလနှင့် မေလတို့တွင် မီးပြတ်တောက်မှုများ ရှိခဲ့ကြောင်း၊ လက်ရှိတွင် မိုးအကျစောသဖြင့် မီးပြတ်မည်ကို စိုးရိမ်ရန် မလိုတော့ကြောင်း အဆိုပါကော်ပိုရေးရှင်း၏ အထွေထွေ မန်နေဂျာ (အင်ယာ/ ဓာတ်ဖြန့်) ဦးကျော်သူက ပြောကြားသည်။

“မနှစ်က မေလ ၁၄ ရက်လောက် မှာ မိုးရွာလာတော့ ကျွန်တော်တို့ ကျော်ဖြတ်နိုင်ခဲ့တယ်။ ဒီနှစ်လည်း မိုးကျတာ စောတော့ မစိုးရိမ်ရတော့ဘူး။ ဒါပေမဲ့  ဓာတ်အားလိုင်း ပြင်ဆင်တာတွေကြောင့် ခေတ္တခဏ ပြတ်တောက်တာမျိုးတော့ ရှိနိုင်တယ်”ဟု ၎င်းက ပြောဆိုသည်။

မန္တလေးတိုင်းအနေနှင့် လျှပ်စစ် မီးသုံးစွဲမှု ၅၀ဝ မဂ္ဂါဝပ်ခန့်ရှိကာ လူဦးရေ ထူထပ်ပြီး စက်ရုံအလုပ်ရုံများရှိသည့် မန္တလေးခရိုင် တစ်ခုတည်းတွင် ၃၀ဝ မဂ္ဂါဝပ် သုံးစွဲနေကြောင်း မန္တလေးမြို့တော် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး ကော်ပိုရေးရှင်းထံမှ သိရသည်။

မန္တလေး တိုင်းအတွင်းရှိ ခရိုင် ခုနစ်ခုအနက် တစ်ခရိုင်လျှင် လျှပ်စစ်မီး မရသေးသည့်ကျေးရွာ ၃၇၆ ရွာ ကျန်ရှိနေသေးရာ ယင်းဒေသများတွင် လျှပ်စစ်မီး ရရှိစေရန် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က လွှတ်တော်တွင် ပြောဆိုထားသည်။

“မီးမပြတ်ဘူးလို့ အရင်အစိုးရ လက်ထက်ကတည်းက ပြောဆိုခဲ့တယ်။ ဒါပေမဲ့ ဖြစ်တာပါပဲ။ အခုလည်း အကြာကြီး မဟုတ်ပေမယ့် သုံးလေးနာရီလောက် မီးပြတ်တာတွေ နေ့စဉ်နီးပါး ရှိတယ်။ သူတို့ပေးထားတဲ့ ဖုန်းနံပါတ်တွေကို ဆက်သွယ် မေးမြန်းနိုင်ပေမယ့် တစ်ခါတလေမှာ ဖုန်းခေါ်လို့ မရတာတွေ ရှိတယ်။ မီးပြတ်မယ်ဆိုရင် ဘာကြောင့်ပြတ်မယ်၊ ဘယ်လောက်ကြာမယ် ဆိုတာကို ထုတ်ပြန်ပေးသင့်တယ်”ဟု အောင်မြေသာစံ မြို့နယ်တွင် နေထိုင်သည့် အိမ်ရှင်မတစ်ဦးက ပြောကြားသည်။

မန္တလေး တိုင်းဒေသကြီး၌ နေထိုင်သည့် လူဦးရေ ငါးသိန်းကျော် လျှပ်စစ်မီး သုံးစွဲနေပြီး နှစ်စဉ် ဓာတ်အား လိုအပ်ချက် ၁၅ ရာခိုင်နှုန်းခန့် တိုးတက်လျက် ရှိကြောင်း တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန မှတ်တမ်းများအရ သိရသည်။  

LC