News

POST TYPE

LATEST NEWS POST

မူးယစ်ရဲတပ်ဖွဲ့အင်အား ၁၀ဝ နီးပါး ဖြည့်ဆည်း
03-May-2017 tagged as ရဲ

ရန်ကုန်၊ မေ ၃

မူးယစ်ဆေးဝါး ရှာဖွေတားဆီးရေး လုပ်ငန်းအတွက် လိုအပ်သော ရဲအရာရှိနှင့် အခြားအဆင့် ရဲတပ်ဖွဲ့ဝင်အင်အား ၁၀ဝ နီးပါးကို ယခုနှစ် ပထမလေးလအတွင်း ဖြည့်ဆည်းနိုင်ခဲ့ကြောင်း မူးယစ် ဗဟိုရဲတပ်ဖွဲ့ထံမှ သိရှိရသည်။ 

“တဖွဲဖွဲနဲ့ ရောက်ရှိလာတာပါ၊ တစ်လကို တပ်ဖွဲ့ဝင် ၃၀ ရောက် ၄၀ ရောက်နဲ့ ဒီလောက် ပမာဏ ရှိသွားတာပါ၊ မူးယစ်ဥပဒေနဲ့ ရှာဖွေလုပ်ငန်းစဉ်က အရေးကြီးတယ်၊ ဥပဒေပိုင်းကအစ အသေးစိတ် နားလည်အောင် သီးခြား ပြန်ပို့ချနေတယ်၊ ပစ်မှတ်နောက် ကွင်းဆက်လိုက်တဲ့အခါ ပြန်လွတ်မသွားဖို့ အဓိကပါ”ဟု မူးယစ်တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ကျော်ဝင်းက ပြောကြားသည်။ 

မြန်မာနိုင်ငံ အနှံ့တွင် ယခင်က မူးယစ်ရဲတပ်ဖွဲ့စု ၅၀ ရှိသည့်အနက် တပ်ဖွဲ့ဝင်ဦးရေ ၁၂၀ဝ နီးပါးသာ ထားရှိနိုင်ခဲ့ပြီး ဖွဲ့စည်းပုံပြည့်မီမှု မရှိသဖြင့် တားဆီးနှိမ်နင်းရေး ကဏ္ဍတွင် ခရိုင်အဆင့်၊ မြို့နယ်အဆင့် ရဲတပ်ဖွဲ့များနှင့် ပူးပေါင်း လုပ်ကိုင်ခဲ့ရကြောင်း၊ ယင်းအခက်အခဲတို့ကို လျှော့ချရေးအတွက် လိုအပ်သောပမာဏ ဖြည့်ဆည်းပေးရန် ပြည်ထဲရေး ဝန်ကြီးဌာနထံ တင်ပြခဲ့ရာမှ ရရှိခဲ့ခြင်းဖြစ်ကြောင်း မူးယစ်တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သိရသည်။

“ဖွဲ့စည်းပုံနဲ့အညီတော့ ရဲတပ်ဖွဲ့တိုင်းမှာ မပြည့်စုံကြသေးဘူး၊ ဝန်ကြီးဌာနကတော့ တပ်သားသစ် စုဆောင်းရေးကဏ္ဍပါ အရှိန်အဟုန်နဲ့ ဖြည့်တင်းနေတာပဲ၊ နောက်ပိုင်းတော့ ပြည့်မီလာဖို့ ရှိပါတယ်”ဟု  ရဲမှူးချုပ်ကျော်ဝင်းက ထပ်လောင်းပြောဆိုသည်။ 

အဆိုပါ တပ်ဖွဲ့ဝင်သစ်များကို ဝန်ကြီးဌာနက ရဲတပ်ဖွဲ့၏ အခြေခံ ရဲလေ့ကျင့်ရေးဆိုင်ရာ သင်တန်းကျောင်းများဖြစ်သည့် ဝက်ထီးကန်၊ ရမည်းသင်း၊ တောင်သုံးလုံးနှင့် ရွှေပြည်သာ ရဲအကြပ်သင်တန်းကျောင်းနှင့် ဇီးပင်ကြီး ရဲအရာရှိသင်တန်းကျောင်းများမှတစ်ဆင့် ခွဲဝေပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း မူးယစ်ဗဟိုရဲတပ်ဖွဲ့ထံမှ သိရသည်။ 

ထို့အပြင် မူးယစ်တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့တွင် မူးယစ်တပ်ဖွဲ့ခွဲမှူးရုံး သုံးခုဖြင့် စီမံကွပ်ကဲခွင့်ပြုထားပြီး အောက် မြန်မာပြည် (ရန်ကုန်) အထက် မြန်မာပြည်  (မန္တလေး)နှင့် မူးယစ်ဆေးဝါး ထူပြောသည့် ရှမ်းပြည်နယ်တို့တွင် အခြေစိုက်ထားရှိကြောင်း မြန်မာနိုင်ငံ မူးယစ်ဗဟို အဖွဲ့ထံမှ ထပ်မံ သိရှိရသည်။ 

J-17