News

POST TYPE

LATEST NEWS POST

လျှပ်စစ်မီးကို ဈေးမတက်ဘဲ ဘယ်လိုလျှော့သုံးနိုင်မည်လဲ
01-May-2017 tagged as လျှပ်စစ်

ယခု တစ်လော ပတ်ဝန်းကျင်တွင် လျှပ်စစ်မီတာခ ဈေးတက်မည်မှာ လူပြော အများဆုံး ခေါင်းစဉ်တစ်ခု ဖြစ်နေပါသည်။ မကြာခင်ကပဲ နေပြည်တော်တွင် လျှပ်စစ်-စွမ်းအင်ဝန်ကြီးဌာနနှင့် ပြည်နယ်နှင့် တိုင်းလျှပ်စစ်ဝန်ကြီးများ အစည်းအဝေးတွင် လျှပ်စစ်မီတာခ တိုးမြှင့်ဖို့ကို ကန့်ကွက်သူမရှိ အတည်ပြုခဲ့ကြပါသည်။ သို့သော် မည်မျှ တိုးမြှင့်မည်ကို ထပ်မံ၍ အစည်းအဝေး ပြုလုပ်ပြီး ဆုံးဖြတ်မည်ဟု ပြောကြားခဲ့ပါသည်။ လျှပ်စစ် ထုတ်လုပ်မှုတွင် အရှုံးပေါ်သည့်အတွက် ထိုအရှုံးကို ကာမိအောင် လျှပ်စစ် မီတာခကို တိုးမြှင့်မည်ဟု အစိုးရက ပြောကြားခဲ့သည်မှာ တစ်နှစ်နီးပါးခန့် ရှိပါသည်။

ယခင်အစိုးရခေတ်ကလည်း လျှပ်စစ်မီတာခကို တိုးပြီးကောက်ခံခဲ့ပါသည်။ ၎င်းကောက်ခံသည့်စနစ်က ပြည်သူအများ (ဝင်ငွေနည်းသူများ)လည်း အဆင်ပြေအောင် သုံးစွဲသည့် လျှပ်စစ်မီး ယူနစ်ကိုလိုက်ပြီး မီတာခကို တိုးမြှင့် ကောက်ခံခဲ့ပါသည်။ စက်မူဇုန်များတွင်လည်း မီတာခကို တိုးမြှင့်ကောက်ခံခဲ့ပါသည်။ ထိုနည်းလမ်းဖြင့် ပြဿနာကို ပြေလည်အောင် ဖြေရှင်းနိုင်ခဲ့ပါသည်။

ယခုပြည်သူ့အစိုးရခေတ် (ဒီမိုကရေစီခေတ်)တွင် မည်သို့ဖြေရှင်းမည်မှာ စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။ တစ်နည်းအားဖြင့် ဒီမိုကရေစီအစိုးရ၏ လုပ်ရည်ကိုင်ရည်ကို အကဲစမ်းသည့် စိန်ခေါ်မူများ ဖြစ်လာလေမည်လား။

ကမ္ဘာပေါ်ရှိ ဒီမိုကရေစီ နိုင်ငံများတွင် အစိုးရက ပြည်သူများထံမှ အခွန်ကောက်ပြီး၊ ၎င်းအခွန်ဖြင့် အများပြည်သူနှင့် သက်ဆိုင်သည့် အရှုံးပေါ်သည့် အစိုးရလုပ်ငန်းများကို ထောက်ပံ့ပြီး တိုင်းပြည်ကို အောင်မြင်စွာ ဦးဆောင်နေပါသည်။ ဒီမိုကရေစီ အစိုးရခေတ်တွင် ပြည်သူများထံမှ ကောက်ခံသော အခွန်များကို မည်ကဲ့သို့ အသုံးပြုနေသည်ကို အစိုးရက ပွင့်လင်းမြင်သာစွာ ရှင်းပြရပါသည်။ ထိုမှသာ ပြည်သူများကလည်း ကြည်ဖြူစွာ အခွန်ဆောင်ချင်ပေမည်။ မြန်မာနိုင်ငံတွင် အခွန်များကို တိုးမြှင့် ကောက်ခံသော်လည်း ၎င်းအခွန်များကို မည်ကဲ့သို့ အသုံးပြုနေသည်ကို ပွင့်လင်းမြင်သာစွာ ရှင်းပြသည်မှာ မရှိသလောက်ပေ။

ယခုလျှပ်စစ်နှင့်ပတ်သက်၍ မီတာခ တိုးကောက်လျှင် မည်သို့သော အကျိုးအပြစ်နှင့် လျှပ်စစ်အသုံးကို မည်သို့ လျှော့ချနိုင်မည်ကို ဆွေးနွေးချင်ပါသည်။

၁။ လျှပ်စစ်မီတာ တက်လျှင် ကုန်ဈေးနှုန်း တက်ပေမည်။ ကုန်ဈေးနှုန်းတက်လျှင် လုပ်ခလစာ တက်မည်။ လုပ်ခလစာ တက်ပါက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ထွက်သွားပေမည်။ ထွက်မသွားအောင် မည်သို့လုပ်မည်နည်းဆိုသော ကျပ်ငွေတန်ဖိုး ချပေးရပေမည်။ ကျပ်ငွေ တန်ဖိုးချခြင်းသည် ဒေါ်လာတန်ဖိုးတက်ခြင်းပင် ဖြစ်ပေသည်။ ထိုအခါ နိုင်ငံခြားကုမ္ပဏီများက လုပ်ခလစာပေးရာတွင် ကျပ်ငွေအရ ပိုပေးရသော်လည်း ဒေါ်လာ ငွေကြေးအရ ယခင်အတိုင်း ပေးရသဖြင့် မည်သို့မျှ မသိသာလှပေ။

၂။ မြန်မာကျပ်ငွေကို အသုံးပြုနေသော ပြည်တွင်း လုပ်ငန်းများသည် လုပ်ခလစာကို ပိုမိုပေးရသည့်အတွက် ထုတ်ကုန်ဈေးနှုန်းများ တက်လာပေမည်။ ထိုအခါ အလုပ်သမားများသည် လုပ်ခလစာ တိုးသော်လည်း ကုန်ဈေးနှုန်း ကြီးမြင့်မှုကြောင့် ၎င်းတို့၏လူနေမှုဘဝမှာ တိုးတက်မှု မရှိပါ။ ဥပမာ - ယခင်က တစ်ရက်လုပ်ခသည် ဆန်တစ်ပြည်ဖြစ်ပါက ယခု တိုးရသော လစာသည်လည်း ဆန်တစ်ပြည်ဖိုးသာ ဖြစ်ပေမည်။ အထိနာသူများမှာ ပင်စင်စားများ၊ ဘဏ်တွင် ငွေစုသူများ၊ အလုပ်အကိုင် မရှိသူများ၊ အလုပ်မှ အနားယူပြီး ဘဏ်တိုးဖြင့် စားဝတ်နေရေး ဖြေရှင်းသူများပင် ဖြစ်ပါသည်။

၃။ မြန်မာနိုင်ငံရှိ ကုန်ထုတ်လုပ်ငန်းများသည် ပြည်တွင်းငွေကြေး ဖောင်းပွမှုကြောင့် ထုတ်လုပ်မှုစရိတ် ကြီးမြင့်ပြီး နိုင်ငံခြား ထုတ်ကုန်များနှင့် ယှဉ်ပြိုင်ရန် ခက်ခဲပြီး စက်ရုံများ ပိတ်ရသည်များ ကြုံတွေ့နိုင်ပါသည်။ ယခုပင်လျှင် မြန်မာထုတ်ကုန်များသည် မြန်မာနိုင်ငံထက် လုပ်ခလေးဆ များသော တရုတ်ထုတ်ကုန်ကို ဈေးနှုန်းပိုင်းအရရော၊ ကုန်ပစ္စည်းအရည် အသွေးပိုင်းအရပါ ယှဉ်ပြိုင်ရန် ခက်ခဲနေပါသည်။ လျှပ်စစ်မီတာခ ဈေးတက်ပါက ထုတ်လုပ်မှုစရိတ် တိုးလာပါက စက်ရုံ အတော်များများ ပိတ်လိုက်ရနိုင်ပါသည်။

အစိုးရ၏ ကြေညာချက်အရ မြန်မာနိုင်ငံသည် တစ်နှစ်ကို လျှပ်စစ် အသုံးပြုမှုမှာ ၁၀ ရာခိုင်နှုန်းကျော် တိုးတက်သည်ဟု သိရပါသည်။ လျှပ်စစ် မီတာခ မတိုးမီ လျှပ်စစ်အသုံးကို မည်သို့ လျှော့ချနိုင်မည်ကို လေ့လာသင့်ပါသည်။

လျှပ်စစ်မီတာ အသုံးနှင့်ပတ်သက်ပြီး ကမ္ဘာက အတုယူသင့်သည့် ဂျပန်နိုင်ငံဝန်ကြီးချုပ် Koizumi Jyanichiro ခေတ် (၂၀ဝ၁ ခုနှစ် မှ၂၀ဝ၆ ခုနှစ်အထိ)တွင် နွေရာသီ၌ ဂျပန်နိုင်ငံတွင် လျှပ်စစ်အသုံးကို ချွေတာနိုင်ရန်အတွက် No Necktie, No Coat အစီအစဉ်ကို စတင်ခဲ့ပါသည်။ ၎င်းစီမံကိန်းသည် အစိုးရရုံးများ၊ လွှတ်တော်များ၊ ကုမ္ပဏီများ တွင် Necktie စည်းခြင်းနှင့် Coat ဝတ်ခြင်းကို ကန့်သတ်ခဲ့ပါသည်။ Necktie နှင့် Coat ကို နိုင်ငံခြားဧည့်သည်များနှင့် တွေ့ဆုံချိန်တွင်သာ အသုံးပြုရန် စီမံကိန်း ချမှတ်ခဲ့ပါသည်။ Necktie နှင့် Coat အသုံးမပြုသည့်အတွက် လေအေးပေးစက် အသုံးကို ၂ ဒီဂရီ လျှော့ချနိုင်ပြီး လျှပ်စစ်ဓာတ်အားကို များစွာ ချွေတာနိုင်ပြီး လျှပ်စစ်ခသည်လည်း ဒေါ်လာဘီလီယံနှင့်ချီပြီး သက်သာခဲ့ပါသည်။ ၎င်းအောင်မြင်မှုကိုကြည့်ပြီး နိုင်ငံ အတော်များများလည်း ခေါင်းပေါင်းများ၊ အပေါ်အဝတ်အစားများ ဝတ်ခြင်းကို ရှောင်ရှားပြီး လျှပ်စစ်ဓာတ်အားကို ချွေတာလာကြပါသည်။

မြန်မာနိုင်ငံသည်လည်း ဂျပန်နိုင်ငံကို အတု မယူသင့်ဘူးလား။ လွှတ်တော်ထဲဝင်ရာတွင် တိုက်ပုံနှင့်ခေါင်းပေါင်းဆောင်း၍ဝင်ပြီး လွှတ်တော်ထဲတွင် တိုက်ပုံနှင့် ခေါင်းပေါင်းကို ချွတ်ထားပါက လေအေးပေးစက်တွင် ၂ ဒီဂရီ၊ ၃ ဒီဂရီခန့် လျှော့ချနိုင်ပါသည်။ တစ်နည်းအားဖြင့် လျှပ်စစ် အသုံးသည် ၂ ဒီဂရီ၊ ၃ ဒီဂရီခန့် သက်သာနိုင်ပါသည်။ အစိုးရရုံးများတွင်လည်း တိုက်ပုံကိုချွတ်ထားပါက လေအေးပေးစက် အသုံးကို ချွေတာနိုင်ပါသည်။

တစ်ဖန် အများနှင့်ဆိုင်သော ရုပ်ရှင်ရုံများ၊ ကုန်တိုက်များ၊ ဟိုတယ်များ၊ အစည်းအဝေးခန်းမများ၊ ဘဏ်များ၊ ကုမ္ပဏီများတွင်လည်း လျှပ်စစ် အသုံးချွေတာအောင် စည်းရုံးရပေမည်။ ရုပ်ရှင်ရုံများ၊ ကုန်တိုက်များတွင် လျှပ်စစ် (လေအေးပေးစက်)ကို အလွန်အကျွံသုံးသည်ကို တွေ့ရပါသည်။ ရုပ်ရှင်ရုံများဆိုလျှင်လည်း ရုပ်ရှင်ကြည့်ရင်းနှင့်ပင် ချမ်းလာပါသည်။ ကုန်တိုက်များတွင်လည်း အရောင်းစာရေးမများသည် အေးသည့်ဒဏ် ခံနိုင်ရန် အနွေးထည် ဝတ်ထားနေရပါသည်။ ၎င်းနေရာများကိုလည်း ပညာပေး၍ လေအေးပေးစက် အသုံးကို လျှော့ချအောင် စည်းရုံးရပေမည်။ သို့မဟုတ်ပါက ပိုက်ဆံပေးနိုင်၍ သုံးသည်နှင့် အဆုံးသတ်သွားပေမည်။ အစည်းအဝေး ခန်းမများသည်လည်း လေအေးပေးစက် အလွန်အကျွံသုံးသော နေရာတစ်ခုဖြစ်ပါသည်။ ဘဏ်များသည်လည်း လေအေးပေးစက်ကို အလွန်အကျွံ သုံးနေပါသည်။ ဘဏ်ဝန်ထမ်း အားလုံးမှာ အနွေးထည်ကို ဝတ်ထားရပါသည်။ ဘဏ်သို့ ကိစ္စနှင့်သွားပါက ၁၀ မိနစ်ခန့်ကြာလျှင် အေးလာပါသည်။ တချို့ ကုမ္ပဏီရုံးခန်းများသည်လည်း လေအေးပေးစက်ကို အလွန်အကျွံအသုံးပြုနေပါသည်။ ၎င်းတို့ကို အစိုးရမှ လေအေးပေးစက် ၁ ဒီဂရီလျှော့လျှင် ငွေမည်မျှ သက်သာကြောင်း၊ ၂ ဒီဂရီ လျှော့သုံးလျှင် ငွေမည်မျှ သက်သာကြောင်း၊ ၃ ဒီဂရီ လျှော့ပါက ငွေမည်မျှ သက်သာကြောင်း တွက်ချက်ပြီး စည်းရုံးသင့်ပါသည်။

အစိုးရကိုယ်၌က ဦးစွာ လေအေးပေးစက်ကို လျှော့သုံးပြီး ထိုသို့ လျှော့သုံးသည့်အတွက် ငွေမည်မျှချွေတာနိုင်ကြောင်း၊ လျှပ်စစ်အသုံးကို မည်မျှချွေတာနိုင်ကြောင်း၊ ထို့ကြောင့် အများပြည်သူသုံး နေရာများ၊ ကိုယ်ပိုင်အိမ်များတွင်လည်း မလိုအပ်ဘဲ လေအေးပေးစက် အသုံးပြုခြင်းကို လျှော့ချနိုင်အောင် စည်းရုံးရပေမည်။

နောက်တစ်ခု အတုယူစရာကလည်း ဂျပန်နိုင်ငံ ဆူနာမီ (၁၁.၃.၂၀၁၁ ခုနှစ်) ဖြစ်စဉ် တိုကျိုမြို့ကို အဓိက လျှပ်စစ်ပေးနေသော နျူကလီးယား ဓာတ်ပေါင်းဖို ပျက်စီးပြီး တိုကျိုမြို့တွင် အလှည့်ကျ မီးပေးသောစနစ် ကျင့်သုံးမည်ဟု ကြော်ငြာခဲ့သော်လည်း ဂျပန်လူထုသည် လျှပ်စစ်ချွေတာရေးတွင် ပါဝင်လုပ်ဆောင်သဖြင့် အလှည့်ကျ မီးပေးခြင်းကို မခံစားရပေ။

၎င်းကာလ လျှပ်စစ်ချွေတာပုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁။ အစိုးရရုံးများ၊ ကုမ္ပဏီရုံးများ၊ အိမ်များ၊ ဘုရားကျောင်းများ၊ တခြား အဆောက်အအုံများ၊ လမ်းမီးများ စသည့်တို့တွင် ပုံမှန် ထွန်းနေကျ မီးသီး၊ မီးချောင်းများ နေရာတွင် Energy Saving မီးသီး၊ မီးချောင်းများနှင့် လဲလှယ် သုံးစွဲကြပါသည်။ ၎င်းကို အသုံးပြုခြင်းဖြင့် လျှပ်စစ်ကို ၈၀ ရာခိုင်နှုန်းလောက် ချွေတာနိုင်ပါသည်။ ၎င်းမီးသီး၊ မီးချောင်းများကို လဲလှယ်ရာတွင် ပြည်သူများ ဝန်မပိစေဘဲ လဲလှယ်နိုင်ရန် အစိုးရနှင့် မီးသီး၊ မီးချောင်း ထုတ်လုပ်သည့်ကုမ္ပဏီများမှ ထောက်ပံ့ကြေး ပေးခဲ့ပါသည်။ တစ်နည်းအားဖြင့် ယခင်က Energy Saving မီးသီး၊ မီးချောင်းများ၏ ဈေးနှုန်းသည် ရိုးရိုးမီးသီး၊ မီးချောင်းများထက် ၄-၅ ဆ ဈေးကြီးခဲ့သော်လည်း ဆူနာမီ ဖြစ်သောအခါ ရိုးရိုးမီးသီး၊ မီးချောင်းဈေးဖြင့် ပြည်သူများကို ရောင်းချခဲ့ပါသည်။

၂။ အစိုးရရုံးများ၊ ကုမ္ပဏီရုံးများ၊ အိမ်များ၊ ဘုရားကျောင်းများ၊ တခြား အဆောက်အအုံများ၊ လမ်းမီးများ အသုံးပြုခြင်းကို လျှော့ချခဲ့ပါသည်။ ဥပမာ-မီးချောင်းသုံးချောင်း ထွန်းသည့်နေရာတွင် မီးချောင်း နှစ်ချောင်းသာ ထွန်းကြပါသည်။ အိမ်များတွင် TV, Video, ကွန်ပျူတာ အသုံးများကို လျှော့ချခဲ့ပါသည်။ TV ပြသချိန်ကိုလည်း လျှော့ချခဲ့ပါသည်။

၃။ အစိုးရရုံးများ၊ ကုမ္ပဏီရုံးများ၊ အိမ်များ၊ ဘုရားကျောင်းများ၊ တခြား အဆောက်အအုံများတွင် လေအေးပေးစက် (ဂျပန်နိုင်ငံတွင် အသုံးပြုသော် လေအေးပေးစက်တွင် လေအေးပေးခြင်းနှင့် အပူပေးခြင်း နှစ်မျိုးစလုံး ပါပါသည်) အသုံးပြုမှုကို ၈၀ ရာခိုင်နှုန်းကျော်လောက် လျှော့ချခဲ့ပါသည်။ ထိုအချိန်က ဆောင်းရာသီဖြစ်၍ ၁၀ ရာခိုင်နှုန်းအောက်ခန့် အေးသော်လည်း အများစုက လျှပ်စစ်မီး သုံးရသော အပူပေးစက်ကို မသုံးဘဲ အနွေးထည်ဖြင့် အအေးဒဏ်ကို ကြံ့ကြံ့ခံခဲ့ပါသည်။

၎။ ည ၉ နာရီ နောက်ပိုင်းတွင် ကြော်ငြာဆိုင်းဘုတ်ကြီးများရှိ မီးများကို ပိတ်ပစ်ခဲ့ပါသည်။ အစိုးရရုံး၊ ဘုရားကျောင်း၊ ကုမ္ပဏီ၊ ဆိုင်ခန်းများရှိ ကြော်ငြာဆိုင်းဘုတ်မီးများကိုလည်း ပိတ်ထားခဲ့ပါသည်။

၅။ စားသောက်ဆိုင်များကိုလည်း ပုံမှန်ထက် အချိန်စောပြီး ပိတ်ခြင်း၊ လျှပ်စစ်ရထားများကိုလည်း အချိန်စောပြီး ပြေးဆွဲချိန်ကို ရပ်နားခဲ့ပါသည်။

၆။ တတ်နိုင်သမျှ လျှပ်စစ်အသုံးကို ချွေတာပြီး သဘာဝ နေရောင်ခြည်ကို အသုံးပြုရန်အတွက် ဂျပန်လူမျိုးများ စောစီးစွာ အိပ်ရာဝင်ပြီး စောစောထရန် လူထုကို ပညာပေးနိုင်ခဲ့ပါသည်။

ဂျပန်နိုင်ငံ၏ အဖြစ်အပျက် နှစ်ရပ်စလုံးသည် ပြည်သူများအား နားလည်အောင် ရှင်းပြပြီး ပြည်သူများ အားလုံးနီးပါးက လိုက်နာအောင် စည်းရုံးနိုင်ခဲ့ပါသည်။ ထို့ကြောင့် ဂျပန်နိုင်ငံတွင် အလှည့်ကျ မီးပေးခြင်းကို ရှောင်ရှားနိုင်ခဲ့ပါသည်။

မြန်မာနိုင်ငံတွင်လည်း ထိုကဲ့သို့ စည်းရုံးနိုင်ပါက လျှပ်စစ်အသုံးလည်း လျော့ကျသွားပြီး ဈေးတက်စရာတောင် လိုလိမ့်မည်မဟုတ်ပေ။ ဈေးမတက်ပါက ကုန်ဈေးနှုန်းလည်း တက်စရာမလိုဘဲ လူမှုရေး ပြဿနာများကိုလည်း ရှောင်ရှားနိုင်ပြီး တိုင်းပြည်ဖွံ့ဖြိုးမှုကို အားသွန်ခွန်စိုက် လုပ်ဆောင်နိုင်ပေမည်။ ထိုမှသာ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှု အရှိန်ကို မြှင့်တင်နိုင်မည်ဟု ယုံကြည်မိပါသည်။

စိုးမြင့်
B.Sc, Eco; M.Sc, Eco (Tokyo International University, Japan)