News

POST TYPE

LATEST NEWS POST

ဓာတ်အားလိုင်းသစ်များ တိုးချဲ့သဖြင့် ရန်ကုန်တွင် အချိန်ပိုင်း ဓာတ်အားပြတ်တောက်မည်
24-Apr-2017 tagged as လျှပ်စစ်

ရန်ကုန်၊ ဧပြီ ၂၃

ရန်ကုန်တိုင်းအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုစနစ်အတွက် ဓာတ်အားလိုင်းများ အသစ်တိုးချဲ့ တည်ဆောက်မှု လုပ်ငန်းများ ဆောင်ရွက်ရန် ဧပြီလ ၂၃ ရက်မှ ၂၈ ရက်အထိ မြို့နယ်အချို့တွင် နေ့လယ်ပိုင်း၌ အချိန်ပိုင်းဓာတ်အား ပြတ်တောက်မှုများ ရှိမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းထံမှ သိရသည်။

“သုံးစွဲမှုတွေက မြင့်နေတော့ ဓာတ်အားဖြန့်ဖြူးတဲ့ စနစ်တွေကို အဆင့်မြှင့်တင်တဲ့ သဘောပါ။ လျှပ်စစ်ဓာတ်အားကို လူသုံးနည်းတဲ့ အချိန်တွေမှာ ဓာတ်အားလိုင်းအသစ် တိုးချဲ့တာတွေ လုပ်တာပါ” ဟု ဓာတ်အားဖြန့်ဖြူးရေးဌာန တာဝန်ရှိသူက ဆိုသည်။

ယင်းသို့ ဓာတ်အားလိုင်းသစ် တပ်ဆင်မှုများအတွက်  ဧပြီလ ၂၄၊ ၂၆၊ ၂၈ ရက်များတွင် ဒဂုံ (အရှေ့)၊ လှည်းကူးမြို့နယ်များတွင် နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီအတွင်း ဓာတ်အားပြတ်တောက်မည်ဖြစ်ပြီး ဧပြီလ ၂၃ ရက်တွင် လှိုင်၊ မရမ်းကုန်းမြို့နယ်များတွင် လည်းကောင်း၊ ဧပြီလ ၂၅ ရက်တွင် အင်းစိန်၊ မင်္ဂလာဒုံနှင့် မင်္ဂလာတောင်ညွှန့် မြို့နယ်များတွင် လည်းကောင်း နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီ အထိ အသီးသီး ဓာတ်အားပြတ်တောက်မည် ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းထံမှ သိရသည်။

ရန်ကုန်မြို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုများအတွက် ဓာတ်အားလိုင်းစနစ်တွင် ၆၆/၃၃ ကေဗီဓာတ်အားလိုင်းအသစ် ကိုးမိုင်ကျော်ကို တပ်ဆင်တိုးချဲ့ တည်ဆောက်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း ဓာတ်အားဖြန့်ဖြူးရေးဌာန တာဝန်ရှိသူ က ဆက်လက်ရှင်းပြသည်။

သင်္ကြန်ကာလ နောက်ပိုင်းအတွင်း ရန်ကုန်မြို့အတွင်း ဓာတ်အားပြတ်တောက်မှုများ မကြာခဏ ရှိနေခြင်းကြောင့် လူမှုကွန်ရက် စာမျက်နှာများတွင် ရန်ကုန်မြို့နေ ပြည်သူများအကြား ပြောဆိုလျက်ရှိသည်။

ယခုနှစ်နွေရာသီ မတ်လကုန်တွင် ရန်ကုန်တိုင်းဒေသကြီးအနေနှင့် လျှပ်စစ်ဓာတ်အား သုံးစွဲမှု အမြင့်ဆုံးပမာဏမှာ ၁၂၂၅ မဂ္ဂါဝပ်ထိရှိခဲ့ပြီး ယခင်နှစ်ကထက် မဂ္ဂါဝပ် တစ်ရာခန့် ပိုမိုအသုံးပြုနေကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။

J-14