POST TYPE

LATEST NEWS POST

ဟံသာဝတီ ဦးဝင်းတင် အမည်ဖြင့် ပန်းခြံတစ်ခု တည်ဆောက်ပေးရန် NLD နာယက ဦးတင်ဦး တောင်းဆို
21-Apr-2017 tagged as

ရန်ကုန်၊ ဧပြီ ၂၁

သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း သုံးနှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင်၊ သတင်းစာဆရာ၊ စာရေးဆရာကြီး ဟံသာဝတီ ဦးဝင်းတင် အမည်ဖြင့် ရန်ကုန်တွင် ပန်းခြံတစ်ခု ဆောက်လုပ်ပေးရန် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ကို တောင်းဆိုခဲ့သည်။

အဆိုပါ အောက်မေ့ဖွယ် အခမ်းအနားကို ဧပြီလ ၂၁ ရက်နေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် ၈၈ ပွင့်လင်းလူအဖွဲ့အစည်းမှ မင်းကိုနိုင်၊ စာရေးဆရာ မောင်မိုးသူနှင့် မုံရွာအောင်ရှင်တို့က ဂုဏ်ပြုစကားများ ပြောကြားခဲ့ပြီး အဖွဲ့အစည်အသီးသီးက ပေးပို့သော အောက်မေ့ဖွယ် သဝဏ်လွှာများကို ဖတ်ကြားခဲ့သည်။

အလားတူ နိုင်ငံတာကာ NGO အဖွဲ့အစည်းပေါင်း ၂၂ ခုက မြန်မာနိုင်ငံ အကျဉ်းထောာင် အသီးသီးတွင် နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိဖြင့် ဖမ်းဆီးခံနေရသူများကို ချက်ချင်းလွှတ်ပေးရန် တောင်းဆိုခဲ့ပြီး ဖမ်းဆီးခံရသူများနှင့် ပတ်သတ်၍ သီးခြားလွတ်လပ်သော လေ့လာသုံးသပ်မှုများ ပြုလုပ်နိုင်သည့် အခြေအနေတစ်ခု ဖန်တီးပေးရန် လိုအပ်ကြောင်း စုပေါင်း၍ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဟံသာဝတီ ဦးဝင်းတင်သည် ၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

  • TAGS