POST TYPE

LATEST NEWS POST

ကျိုင်းတုံတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပ
ကျိုင်းတုံ၊ ဧပြီ ၂၁

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့အမှတ် (၃) ရပ်ကွက်ရှိ မြို့တော်ခန်းမတွင် ယနေ့ (ဧပြီ ၂၁ ရက်) နံနက် ၉ နာရီက စတင်၍ ကျိုင်းတုံခရိုင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း အဆိုပါ နိုင်ငံရေး ဆွေးနွေးပွဲ တက်ရောက်နေသူများထံမှ သိရသည်။

ပြည်နယ်အဆင့် အမျိုးသားနိုင်ငံရေး ဆွေးနွေပွဲတွင် ထပ်မံတင်ပြဆွေးနွေးရန်အတွက် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အပါအဝင် နိုင်ငံရေးပါတီများ၊ လူမှုရေး အဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ စသည့် အဖွဲ့အစည်းများ စုပေါင်း၍ နိုင်ငံရေး၊ စီးပွားရေးနှင့် မြေယာ စသည့် ခေါင်းစဉ်သုံးခုကို ဆွေးနွေးခဲ့ကြောင်း ကျိုင်းတုံခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးနေဦးက ပြောကြားသည်။

“ခေါင်းစဉ်သုံးခုကို သူ့အစုအဖွဲ့အလိုက် ပါဝင်ဆွေးနွေးကြသလို အားလုံး ပါဝင်ဆွေးနွေးကြပြီး ရရှိလာတဲ့ အချက်အလက်တွေကို စာတမ်းပြုစုပြီး ပြည်နယ်အဆင့်ကို ထပ်တင်ပြပါမယ်။ အဲဒီလို ဆွေးနွေးကြတဲ့ အချိန်မှာ အပြန်အလှန် ထိန်းကြောင်းပေးဖို့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ပါဝင်ဆွေးနွေးဖို့ ထည့်ပေးထားပါတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိကျင်းပနေသည့် ခရိုင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် ကျိုင်းတုံမြို့ အပါအဝင် မြန်မာနိုင်ငံအနှံ့အပြား၌ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု အန္တရာယ် ကြီးမားစွာ ဖြစ်ပေါ်နေ၍ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု လျော့နည်းပပျောက်ရေး အပါအဝင် ကာကွယ်ရေး၊ ကုသရေး၊ ပြန်လည်ထူထောင်ရေးနှင့် အသိပညာပေး သင်တန်းများကို ဌာနဆိုင်ရာများ အပါအဝင် လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ ပူးပေါင်းပါဝင်ရန် ဆွေးနွေးခဲ့ကြောင်း ကျိုင်းတုံမြို့ RCSS/SSA ဆက်ဆံရေးရုံး တာဝန်ခံ ဒုတိယဗိုလ်မှူးကြီး စိုင်းစိုးမိဏ်းက ပြောကြားသည်။

အဆိုပါ ကျိုင်းတုံခရိုင် အမျိုးသားအဆင့် နိုင်ငံဆွေးနွေးပွဲကို တစ်ရက်ကြာ ကျင်းပမည်ဖြစ်ရာ ကျိုင်းတုံမြို့ အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ တပ်မတော်သား ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ၊ စိတ်ပါဝင်စားသူ ဒေသခံများနှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများမှ လူဦးရေ ၁၀၀ ကျော် တက်ရောက်ဆွေးနွေးကြောင်း ယင်းပွဲထံမှ သိရသည်။

R-16