News

POST TYPE

LATEST NEWS POST

ကားခပိုတောင်းသည့် ရန်ကုန်-ပြည် ယာဉ်လိုင်းများကို အရေးယူမည်
21-Apr-2017 tagged as ကားလက်မှတ်

ပြည်၊ ဧပြီ ၂၀

သင်္ကြန်ပိတ်ရက်အပြီး လုပ်ငန်းခွင် ပြန်ဝင်ရန် ခရီးသွား များနေချိန် ရန်ကုန်-ပြည် အဝေးပြေးကားအချို့ မူလကားခထက် ပိုတောင်းမှုများ ရှိနေ၍ ဝင်ရောက်စစ်ဆေးခဲ့ပြီး ကားခပိုတောင်းသည့် ယာဉ်လိုင်းများကို ရပ်နားသည်အထိ အရေးယူမည် ဖြစ်ကြောင်း ပြည်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြတ်ကျော်က ပြောကြားသည်။ 

သင်္ကြန်အပြီး ပြည်မြို့မှ ရန်ကုန်သို့ ကားလက်မှတ်ဈေးနှုန်းများ နှစ်ဆနီးပါး ဈေးတင်ရောင်းနေမှုကြောင့် ပြည်မြို့ အဝေးပြေးဝင်းအတွင်း ဧပြီလ ၂၀ ရက်က ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေး၊ ယာဉ်လုပ်ငန်းကြီးကြပ်ရေးကော်မတီ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဝင်ရောက်စစ်ဆေးခဲ့ပြီး ဈေးတင်ရောင်းချသည့် ယာဉ်လိုင်းများအား စာရင်းကောက်ခံကာ စစ်ဆေးအရေးယူမည် ဖြစ်သည်။ 

“ယာဉ်လိုင်းတွေ ပြေးဆွဲမယ်ဆိုကတည်းက ပို့/ဆက်မှာ လမ်းကြောင်းဈေးနှုန်း  သတ်မှတ်နှုန်း ရှိပြီးသားပါ၊ ဈေးတင်ရောင်းနေတာတွေကို အခု စာရင်းမှတ်ထားပြီး အစည်းအဝေး ပြန်ထိုင်ပြီး ပို့/ဆက်ရဲ့ တည်ဆဲဥပဒေအရ ရပ်နားသည်အထိ အရေးယူသွားမယ်” ဟု ဦးမြတ်ကျော်က ပြောကြားသည်။ 

လတ်တလော စစ်ဆေးရာတွင် ပြည်-ရန်ကုန် ကားဂိတ်များ ဈေးတင်ရောင်းနေပြီး ပိုငွေကို ခရီးသည်အား ယာဉ်လိုင်းများမှ ပြန်ပေးရန် လုပ်ဆောင်နေကြောင်း၊ ပြည်မှ အခြားမြို့များသို့ ယာဉ်လိုင်းများတွင် ဈေးနှုန်းတင်ရောင်းမှု မတွေ့ရသေးကြောင်း၊ သင်္ကြန်ကာလအတွင်း လက်မှတ်ခ ဈေးတင်၍ တိုင်ကြားသူ ၄ ဦးရှိ၍ လက်မှတ်ခ ပိုတောင်းငွေ ပြန်ပေးရန်သာ လုပ်ဆောင်ခဲ့ကြောင်း ပြည်မြို့ ယာဉ်လုပ်ငန်း ကြီးကြပ်ရေး ကော်မတီထံမှ သိရှိရသည်။ 

“ပြည်- ရန်ကုန်က လူတွေပုံနေတယ်။ ဒီဂိတ်မှာ လူတွေပုံနေတော့ မနက်စောစောထွက်တဲ့ ကားက ရန်ကုန်မှာ လူချပြီးတာနဲ့ ခါလီ ပြန်လာပြီး နေ့ချင်းပြန်ဆွဲပေးနေရတာ၊ ခရီးသည်တွေ သွားလာရေး အဆင်ပြေအောင်၊ လူတွေစောင့်မနေရအောင်၊ ကားသမားတွေ ဆီဖိုးတွေ ယာဉ်မောင်းခတွေ အတွက် ကိုက်အောင်တော့ ဈေးနည်းနည်းတင်ရတယ်။ မထွက်တဲ့သူတွေက အရှုံးမရှိဘူး၊ မကိုက်ရင် မထွက်ရုံပဲ ရှိတယ်” ဟု ပြည်-ရန်ကုန် ကားလိုင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြည်-ရန်ကုန် ယာဉ်လိုင်းများ လက်မှတ်ခ ပုံမှန်ဈေးမှာ ၅၀၀၀ ကျပ်မှ လက်ရှိ ၈၀၀၀ ကျပ် ဖြစ်နေရာ အလယ်ခုံများပင် ရရန်မလွယ်ကူကြောင်း၊ လက်ရှိ ရှောင်တခင် ဝင်ရောက်စစ်ဆေးရာတွင် ခရီးသည်များအား လက်မှတ်ခ ဈေးနှုန်းများ ၅၀၀၀ ကျပ်ဟုသာ ပြောခိုင်းပြီး ၈၀၀၀ ကျပ်ဟု ပြောပါက ကားမထွက်တော့ ပဲ ပိုက်ဆံ ပြန်အမ်းမည်ဟု ပြောဆိုမှုများကြောင့် ခရီးသည်များမှာ ၅၀၀၀ ကျပ် ဟုသာ ပြောနေရကြောင်း ခရီးသွားလာသူများထံမှ သိရှိရသည်။

“လူကျပ်တာက ကိစ္စမရှိပါဘူး။ ဒီအချိန် ကျပ်လည်း လုပ်ငန်းလုပ်နေသူတွေပဲ နားလည်ကြပါတယ်။ ဈေးတင်တာတော့ မဖြစ်သင့်ဘူးပေါ့၊ အလုပ်က မဖြစ်မနေ ပြန်ဝင်ရမှာဆိုတော့ တောင်းသလောက် ပေးစီးရတာပဲ” ဟု ပြည်မှ ရန်ကုန်တွင် အလုပ်လုပ်ကိုင်နေသော အသက် ၃၀ အရွယ် ဦးပြုံးမောင်မောင်က ပြောကြားသည်။ 

ပြည် အဝေးပြေးယာဉ်လိုင်းအတွင်း အခန်းပေါင်း ၆၀ ကျော် ရှိကာ ယာဉ်လိုင်းပေါင်း ၁၀၀ ကျော် ရှိပြီး မူဆယ်၊ မန္တလေး နေပြည်တော်၊ မုဒုံ၊ ရခိုင်၊ ရန်ကုန် စသည် တို့ပြေးဆွဲနေကြောင်း ပြည်မြို့ ယာဉ်လုပ်ငန်း ကြီးကြပ်မှုကော်မတီထံမှ သိရှိရသည်။    

M-06