POST TYPE

LATEST NEWS POST

အသက် ၆ နှစ်အရွယ် မိန်းကလေးအား မဖွယ်မရာ ပြုလုပ်သူကို ဖမ်းဆီး
21-Apr-2017 tagged as မှုခင်း

ရန်ကုန်၊ ဧပြီ ၂၀ 

သန်လျင်မြို့နယ်၊ လက်ယက်စမ်းကျေးရွာတွင် ဧပြီလ ၁၉ ရက်နေ့က အသက် ၆ နှစ်အရွယ် မိန်းကလေးအား မဖွယ်မရာ ပြုလုပ်သည်ဟု တိုင်ကြားခံရသည့် အမျိုးသားကို အမှုဖွင့် ဖမ်းဆီးအရေးယူထားကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

တိုင်ကြားခံရသူသည် ယင်းမိန်းကလေး၏ နေအိမ်အနီးတွင် နေထိုင်သူ သော်ဇင်မျိုးဖြစ်ပြီး ဧပြီလ ၁၇ ရက် မွန်းလွဲပိုင်းက နေအိမ်တွင် တစ်ဦးတည်း ကျန်ရှိနေသည့် အသက် ၆ နှစ်အရွယ် မိန်းကလေးကို ၎င်း၏ နေအိမ်သို့ ခေါ်ဆောင်ကာ မဖွယ်မရာ ပြုလုပ်ခဲ့ကြောင်း သိရှိရသဖြင့် သန်လျင်မြို့မ ရဲစခန်းက (ပ) ၉၆၂/၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆/၃၆၃ ဖြင့် အမှုဖွင့် ဖမ်းဆီးကာ အရေးယူခဲ့ခြင်း ဖြစ်ကြောင်း အမှုဖွင့် တိုင်ကြားချက်အရ သိရသည်။ 

“မိန်းကလေးရဲ့ အမေက အမှုဖွင့်တိုင် ထားတာပါ၊ ဒီလိုအသက်မပြည့်သူ မိန်းကလေးတွေကို ကျူးလွန်တဲ့နေရာမှာ အိမ်နီးနားချင်း၊ ဆွေမျိုးသားချင်းတွေက ကျူးလွန်နေတာကို အများဆုံး တွေ့ရတယ်၊ အဲဒါကြောင့် အုပ်ထိန်းသူ မိဘတွေ အနေနဲ့ ကိုယ့်သားသမီးတွေကို ဂရုတစိုက် ထိန်းသိမ်းစောင့်ရှောက်သင့်ပါတယ်၊ အသက် ၁၀ နှစ်အောက် မိန်းကလေးတွေကို မဖွယ်မရာ ပြုလုပ်မိရင် ကြီးမားတဲ့ပြစ်ဒဏ် ခံစားရမယ်ဆိုတာ ကျူးလွန်တဲ့သူတွေ အနေနဲ့ ဆင်ခြင်နိုင်မှ ဒီအမှုတွေက လျော့သွားမှာပါ” ဟု ရန်ကုန်တိုင်းဒေသကြီးမှ ရဲအရာရှိတစ်ဦးက သုံးသပ်ပြောကြားသည်။

မုဒိမ်းမှုများနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၅ ခုနှစ်၌ ၁၁၀ မှု၊ ၂၀၁၆ ခုနှစ်၌ ၂၂၉ မှုနှင့် ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ၌ ၂၅ မှု၊ ဖေဖော်ဝါရီလ၌ ၁၇ မှု နှင့် မတ်လ၌ ၂၆ မှု ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ထုတ်ပြန်ချက် စာရင်းများအရ သိရသည်။            

J -16