News

POST TYPE

LATEST NEWS POST

တူရကီ ဆန္ဒခံယူပွဲ အခြေခံဥပဒေ ပြင်ဆင်ရေးဘက်မှ အနိုင်ရ၊ အတိုက်အခံများက မဲရလဒ်ကို ကန့်ကွက်မည်
17-Apr-2017 tagged as တူရကီ

သမ္မတ ရီဆက်တာယစ်အာဒိုဂန်ကို အာဏာကျယ်ပြန့်စွာ ပေးအပ်နိုင်ရန် ရည်ရွယ်သော အငြင်းပွားဖွယ် ဆန္ဒခံယူပွဲတွင် ပြင်ဆင်ရေး “ထောက်ခံ” သည့်ဘက်မှ ကပ်အနိုင်ရကြောင်း ကနဦးရလဒ်များ ထွက်ပေါ်လာခဲ့ပြီးနောက် အတိုက်အခံများက မဲရလဒ်ကို ကန့်ကွက်သွားမည်ဟု CNN သတင်းဌာနက ဖော်ပြသည်။

အရေးပေါ်အခြေအနေ ကြေညာထားပြီး အတိုက်အခံများကို ပြင်းပြင်းထန်ထန် နှိမ်နင်းနေချိန်တွင် ပြုလုပ်သော ဆန္ဒခံယူပွဲ၌ အာဒိုဂန် လိုလားသော အခြေခံဥပဒေ ပြင်ဆင်ရေးဘက်မှ ထောက်ခံမဲ ၅၁ ဒသမ ၄ ရာခိုင်နှုန်း ရခဲ့သည်ဟု သိရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာအရ ပြင်ဆင်ရေးဘက်မှ မဲနိုင်သွားခဲ့သော်လည်း အကြီးဆုံး မြို့ကြီးသုံးမျို့ဖြစ်သော အန်ကာရာ၊ အစ္စတန်ဘူလ်နှင့် အစ်ဇ်မီးယားရ်တို့တွင် ကန့်ကွက်သူ များခဲ့သည်။ ပါလီမန် ဒီမိုကရေစီစနစ်နေရာတွင် အပြန်အလှန် ထိန်းကျောင်းမှု မရှိသလောက် နည်းပါးသည့် သမ္မတစနစ်ဖြင့် အစားထိုးမည့် အစီအစဉ်မှာ အာဏာရှင်စနစ်သို့ ဦးတည်မှုတစ်ရပ် ဖြစ်သည်ဟု ဝေဖန်မှုများ ရှိနေသည်။

ကန့်ကွက်ရေး လှုပ်ရှားသူများက မကျေနပ်ကြောင်း ဖော်ပြခဲ့ကြသော်လည်း အာဏာရ အေကေပီပါတီနှင့် အာဒိုဂန်ကို ထောက်ခံသူများမှာ မြို့တော်အန်ကာရာ လမ်းမများပေါ်ထွက်၍ ဗုံများတီးမှုတ်ကာ အောင်ပွဲခံသီချင်းများ သီဆိုခဲ့ကြသည်။

အာဒိုဂန်သည် ၀န်ကြီးချုပ်အဖြစ် ဆယ်စုနှစ် တစ်ခုနီးပါး တာဝန်ယူခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်တွင် ပထမဆုံး တိုက်ရိုက်ရွေးကောက်တင်မြှောက်သော သမ္မတအဖြစ် ပြောင်းလဲတာဝန်ယူခဲ့သည်။ တိုက်ရိုက်ရွေးကောက်ခံ သမ္မတ ဖြစ်လာသော်လည်း အခြေခံဥပဒေအရ ၀န်ကြီးချုပ် ဦးဆောင်သော အစိုးရအဖွဲ့ကသာ အဓိက အာဏာရှိနေခဲ့သည်။

ပြီးခဲ့သည့်နှစ်က အာဏာသိမ်းရန် ကြိုးပမ်းမှု မအောင်မမြင် ဖြစ်ခဲ့ပြီးနောက် ယင်းဖြစ်စဉ်ကို အကြောင်းပြပြီး အာဒိုဂန်သည် မလိုလားသူ မှန်သမျှကို အာဏာသိမ်းမှုနှင့် အကြောင်းပြပြီး ဖြုတ်၊ ထုတ်၊ ဖမ်း ပွဲကြီး ကျင်းပနိုင်ခဲ့သည်။ ယခုဆန္ဒခံယူပွဲတွင်လည်း ကန့်ကွက်ရေး လှုံ့ဆော်သူများကို ခြိမ်းခြောက်မှုများ ရှိခဲ့သလို နိုင်ငံပိုင် မီဒီယာများကလည်း သမ္မတဘက်မှ ဘက်လိုက်တင်ဆက်မှုများ ရှိခဲ့သည်ဟု လွတ်လပ်သော ဆန္ဒခံယူပွဲ စောင့်ကြည့်ရေးအဖွဲ့များက သုံးသပ်သည်။

ယခုအနိုင်ရလဒ် ကျဉ်းမြောင်းနေခြင်းနှင့် မသမာမှု စွဲချက်များ ရှိနေခြင်းကြောင့် မငြိမ်သက်မှုများ ဖြစ်လာနိုင်ပြီး အတိုက်အခံပါတီများက တရားရုံးများတွင် ဥပဒေကြောင်းအရ စိန်ခေါ်သွားမည်ဟု ထုတ်ပြန်ထားသည်။

ပြောင်းလဲမည့် စနစ်တွင် သမ္မတက အုပ်ချုပ်ရေးအာဏာ အလုံးစုံကို သာမက တရားရုံးချုပ် တရားသူကြီး ထက်ဝက်နီးပါးကို ခန့်အပ်ပိုင်ခွင့်နှင့် ယခင်က အစိုးရအဖွဲ့တွင် ရှိသည့် အမိန့်ဒီဂရီများ ထုတ်ပြန်ပိုင်ခွင့်ကို သမ္မတ တစ်ယောက်ထဲလက်တွင် ထားရှိပေးခြင်းတို့ကြောင့် အာဏာအရပ်ရပ်ကို အာဒိုဂန်က ချုပ်ကိုင်ရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ဝေဖန်မှုများ ရှိနေသည်။

F-03