News

POST TYPE

LATEST NEWS POST

အမျိုးသမီး အကြမ်းဖက်ခံရမှုများ ဖုန်းလိုင်းမှတစ်ဆင့် တိုင်ကြားမှု ၈၀ ကျော်ရှိ
ကျိုင်းတုံ၊ ဧပြီ ၂

သက်ငယ်မုဒိမ်းမှု  အပါအဝင် အမျိုးသမီးများ အကြမ်းဖက်ခံရမှုများ တိုင်ကြားနိုင်ရန်အတွက် အရေးပေါ် ဖုန်းလိုင်းဖွင့် လှစ်ပေးပြီးနောက် အမျိုးသမီးအကြမ်း ဖက်ခံရမှု တိုင်ကြားမှုများမှာ လေးလအတွင်း ၈၀ ကျော်ရှိကြောင်း လူမှုဝန်ထမ်း ဦးစီးဌာန၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဖြိုးသုနန္ဒာက ပြောကြားသည်။

လူမှုဝန်ထမ်း ဦးစီးဌာနအနေနှင့် အမျိုးသမီးများ အကြမ်းဖက်ခံရမှုများ လျော့နည်းပပျောက်စေရန်အတွက် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်နေသည့်အပြင်  အကြမ်းဖက်ခံရသူများကို ကူညီဆောင်ရွက်ပေးနေကြောင်း၊ အရေးပေါ် တယ်လီဖုန်းလိုင်းများမှတစ်ဆင့် တိုင်ကြားမှုများကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၉ ရက် မှစတင်ကာ လက်ခံခဲ့ရာ ၂၀၁၇ ခုနှစ် မတ်လ ၃၀ ရက်အထိ လေးလအတွင်း တိုင်ကြားမှုပါင်း ၈၀ ကျော်ရှိပြီး  ၆၀ ကျော်ကို ကူညီ ဖြေရှင်းပေးခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

ဒေါ်ဖြိုးသုနန္ဒာက “အရေးပေါ် တယ်လီဖုန်းလိုင်းတွေ ထားပြီးတဲ့နောက်ပိုင်း တိုင်ကြားမှုပေါင်း ၁၀ဝ ကျော် ရှိခဲ့တာမှာ သက်ငယ် မုဒိမ်းမှု အပါအဝင် အမျိုးသမီး အကြမ်းဖက်ခံရမှုက ၈၀ ကျော်ရှိခဲ့ပြီး ကျန်တာက တခြားအမှုတွေပါ၊ တိုင်ကြားမှု ၈၀ ကျော်ထဲမှာ ၆၀ ကျော်ကို ဖြေရှင်းပေးနိုင်ခဲ့ပြီး ၃၀ ကျော်က ဆွေမျိုးရင်းချာတွေက ကျူးလွန်ကြတာ တွေ့ရတယ်”ဟု ဆိုသည်။ 

အမျိုးသမီး အကြမ်းဖက်ခံရမှုများနှင့် ပတ်သက်ပြီး တိုင်ကြားမှု အများဆုံးမှာ စစ်ကိုင်း၊ မကွေးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။ 

မြန်မာအမျိုးသမီးများအနေနှင့် မိမိတို့အပေါ် အကြမ်းဖက်မှု ကျူးလွန်ခြင်း ခံစားနေရသော်လည်း ရှက်ကြောက်ခြင်းနှင့် အသိပညာ နည်းပါးခြင်းတို့ကြောင့် အမှုဖွင့် တိုင်ကြားမှု နည်းပါးကာ ရေငုံ နှုတ်ပိတ် နေထိုင်ကြကြောင်း၊ ယင်းကြောင့် အသိပညာပေးခြင်းနှင့် အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်ပေးနေသည့်အပြင် မှုခင်းများ ဖြစ်ပေါ်လာပါကလည်း အခမဲ့ ကူညီ ဆောင်ရွက်ပေးနေကြောင်း ဥပဒေရေးရာ ကုစားရေးအဖွဲ့ (မြန်မာ)မှ ဒါရိုက်တာ တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီက ပြောကြားသည်။

အမျိုးသမီးများအပေါ် အိမ်တွင်း အကြမ်းဖက်မှုများနှင့် အခြား အကြမ်းဖက်ခံရမှုများ ကြုံတွေ့လာပါက ၂၄ နာရီဖွင့်လှစ်ထားသည့် အရေးပေါ် တယ်လီဖုန်း အမှတ် ဝ၆၇-၄၀၄၂၂၂ နှင့်ဝ၆၇-၄၀၄၉၉၉ သို့ ဆက်သွယ်နိုင်သည်။ 

လူမှုဝန်ထမ်း ဦးစီးဌာနအနေနှင့် အကြမ်းဖက်မှု ကျူးလွန်ခံရပြီး နေထိုင်ရန် အခက်အခဲ ရှိသည့် အမျိုးသမီးများကို ရန်ကုန်နှင့် မန္တလေး တိုင်းဒေသကြီးများတွင် စံပြဂေဟာ(Save House)များ ထားရှိ ကူညီပေးမည် ဖြစ်သည်။ 

လက်ရှိ အချိန်တွင် အမျိုးသမီးများကို အကြမ်းဖက်မှုများအတွက် အရေးယူနိုင်ရန် သီးသန့် ပြဋ္ဌာန်းထားသည့် ဥပဒေ မရှိသေးဘဲ အတည်ပြုရန် စောင့်ဆိုင်းနေသည့် အချိန်တွင်သာရှိကာ မကြာမီ ကာလအတွင်း လွှတ်တော်သို့ တင်နိုင်ဖွယ်ရှိသည်ဟုလည်း အဆိုပါ ဥပဒေရေးဆွဲရေးတွင် ပါဝင်သူများထံမှ သိရသည်။