News

POST TYPE

LATEST NEWS POST

မြန်မာ့ဒီမိုကရက်တိုင်ဇေးရှင်း အသက်ဆက် ရှင်သန်နိုင်ပါဦးမည်လော ...
အုပ်စုခွဲခြင်း

အခုတစ်လော စာရေးသူမှာ အောင်မြင်မှု ရသွားသော ဒီမိုကရက်တိုင်ဇေးရှင်း ဖြစ်စဉ်များထက် အရေးနိမ့် ဒီမိုကရက်တိုင်ဇေးရှင်း ဖြစ်စဉ် များကို ပိုစိတ်ဝင်စားနေမိသည်။ သူတို့ ‘ဘာ့ကြောင့်’ မအောင်မြင်ရတာလဲ၊ ‘ဘယ်သူ့ကြောင့်’ အရေးနိမ့်ရတာလဲ သိချင်နေသည်။ သည်လိုနှင့် မွှေနှောက်ရှာဖွေ ဖတ်ရှုရင်းမှ ‘အမ်စတီဗင် ဖစ်သ်’ နှင့် ‘ဂျေဆန် ဝတ်တန်ဘတ်စ်’ တို့ ပူးတွဲပြုစုထားသော ‘လေ့လာရေးစာတမ်း’ တစ်စောင်ကို သွားတွေ့သည်။ မြန်မာနိုင်ငံနှင့် ဆက်စပ်နေသော အကြောင်းခြင်းရာများ ပါနေ၍ စိတ်ဝင်စားသူများ အတွေးနယ်ချဲ့နိုင်ရန် (အကျဉ်းမျှ) ဖော်ပြလိုက်ပါသည်။

သူတို့၏စာတမ်းက ၁၉၇၅ မှ ၂၀၀၇ ခုနှစ်အတွင်း နိုင်ငံပေါင်း ၁၅၈ နိုင်ငံကို သုတေသန လုပ်ထားသည်။ ပထမဆုံး အဆိုပါ ၁၅၈ နိုင်ငံကို အုပ်စုငါးစု ခွဲကြည့်သည်။ ပထမနှစ်ခုမှာ ‘အခြေခိုင်ပြီး ဒီမိုကရေစီနိုင်ငံများ’ (Established Democracy) နှင့် ‘အခြေခိုင်ပြီး အော်တိုကရေစီနိုင်ငံများ’ (Established Autocracy) ဖြစ်သည်။ အခြေခိုင်ပြီး ဒီမိုကရေစီ နိုင်ငံပေါင်းမှာ ၂၃ ခုရှိပြီး အခြေခိုင်ပြီး အော်တိုကရေစီ နိုင်ငံပေါင်းမှာ ၄၅ နိုင်ငံ ရှိသည်။ သတ်မှတ်ကာလ (၁၉၇၅ မှ ၂၀၀၇) အတွင်း အစိုးရ အပြောင်းအလဲ လုံးဝမရှိသော နိုင်ငံများ ဖြစ်ပါသည်။

နောက်ထပ်နိုင်ငံသုံးခုမှာ ဒီမိုကရေစီ အပြောင်းအလဲအတွက် ကြိုးပမ်းနေဆဲ နိုင်ငံများ ဖြစ်သည်။ ‘Democratizer’ များဟု ခေါ်သည်။ ‘အောင်မြင်သန်စွမ်းသော ဒီမိုကရက်တိုင်ဇာများ’ (၃၉ နိုင်ငံ)၊ ‘မခိုင်မာသော ဒီမိုကရက်တိုင်ဇာများ (၃၁ နိုင်ငံ) နှင့် ‘အရေးနိမ့်ဒီမိုကရက် တိုင်ဇာများ (နိုင်ငံ ၂၀) တို့ဖြစ်သည်။ အထူးသဖြင့် ‘အရေးနိမ့် ဒီမိုကရက်တိုင်ဇာ’ (Failed Democratizer) များကို အဓိက အားပြုလေ့လာထားသည်။

ဘာ့ကြောင့်လဲ

ပထမဆုံး အရေးနိမ့်ရသည့် အကြောင်းတရားများကို ဆန်းစစ်ဖော်ထုတ်လိုက်ရာ အောက်ဖော်ပြပါ ခြောက်ချက်ကို သွားတွေ့သည်။

၁။ စီးပွားရေး ဖွံ့ဖြိုးမှု

ယေဘုယျအားဖြင့် အဆင့်မြင့် စီးပွားရေး ဖွံ့ဖြိုးမှုမှာ ခေတ်မီဆန်းကျယ်သော လူဦးရေ၊ ပိုမိုကျယ်ပြန့်အားကောင်းသော လူလတ်တန်းစားနှင့် ဆက်စပ်နေတတ်သည်။ ထို့ထက် စီးပွားရေး ဖွံ့ဖြိုးမှု မြင့်မားလေ၊ ပညာရေးအဆင့်မြင့်လေ၊ ထင်ရာစိုင်းတတ်သည့် အောက်ခြေလူတန်းစားများ အားနည်းလာလေဟု ယူဆကြသည်။

၂။ လောင်စာအပေါ် မှီခိုနေရမှု

အထူးသဖြင့် ရေနံမှရသော ဝင်ငွေမှာ ခေတ်မီရေးကို ပုံပျက်စေသလို ဖိနှိပ်မှုမျိုးစုံ အတွက်လည်း ကျောထောက်နောက်ခံ အရင်းအနှီး ဖြစ်စေသည်။ လောင်စာနှင့် ဆက်စပ်နေသော အဂတိလိုက်စားမှုများ ဖြစ်နိုင်သလို ‘စီးပွားရေးတွင် နိုင်ငံတော်၏ လမ်းညွှန်ထိန်းချုပ်မှု အယူအဆ’ (Statism) ကိုလည်း အားပေးမြှင့်တင်ရာ ရောက်စေသည်။ ထို့ထက် စီးပွားရေး တည်ငြိမ်မှုကိုပါ ထိပါးစေနိုင်ပါသည်။

၃။ လူမျိုးစု ထွေပြားမှု သရုပ်သဏ္ဌာန်

အကွဲအပြဲများ သာမန်ထက်ပိုများသော လူ့အဖွဲ့အစည်းများမှာ ပဋိပက္ခမျိုးစုံ ဖြစ်ပွားလေ့ရှိပြီး ဒီမိုကရက်တစ် အလေ့အထများနှင့် တစ်သားတည်းကျသော ‘ကြားအဖြေ’ (Compromise) ရရှိစေရေးအတွက် ခက်ခဲတတ်ပါသည်။

၎။ အစွန်းရောက် ဘာသာရေးများ၏ ရာခိုင်နှုန်း

ယဉ်ကျေးမှုဆိုင်ရာ ဆက်စပ်အခြေအနေ၏ အရေးပါပုံကို လက်ခံကြသော ပညာရှင်များက အချို့သော ဘာသာတရားများ၏ ဖြစ်တန်ရာ အဟန့်အတားကို ထောက်ပြကြသည်များလည်း ရှိသည်။ 

၅။ နောက်ကျသော အမျိုးသားလွတ်လပ်ရေး

လွတ်လပ်သော နိုင်ငံတော်တစ်ရပ်အဖြစ် သက်တမ်းမည်မျှကြာကြာ ရှိ မရှိဆိုသော အချက်ကလည်း အဆိုပါနိုင်ငံ၏ အမျိုးသားအမှတ်အသား သရုပ်နှင့် နိုင်ငံရေးစိတ်အခြေအနေအပေါ် သက်ရောက်မှု ရှိနိုင်သည်။

၆။ ကျားမ တန်းတူ ရည်တူ မရှိမှု

ကျား-မ တန်းတူ ရည်တူ မရှိမှုကိုလည်း ဒီမိုကရေစီ အောင်မြင်မှု အလားအလာနှင့် ချိတ်ဆက်စဉ်းစားကြသည်များ ရှိသည်။

ဆိုခဲ့ပြီးသော ဒီမိုကရေစီကို အခြေမှ လှိုက်စားသည့် အရာခြောက်မျိုးလုံးကို မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲတွင် တွေ့နေရသည်။ စီးပွားရေး ဖွံ့ဖြိုးမှုမှာ ဒီမိုကရေစီအတွက် အပေါင်းလက္ခဏာ ဆောင်သော်လည်း ယခုလောလောဆယ် မြန်မာ့စီးပွားရေးမှာ အားတက်စရာ မရှိလှသေးပါချေ။ စီးပွားရေး ဖွံ့ဖြိုးမှုမှလွဲ၍ ကျန်ငါးချက်လုံးမှာ ဒီမိုကရေစီအတွက် အနုတ်လက္ခဏာ ဆောင်ပါသည်။ ဤငါးချက်လုံးကိုမူ မြန်မာ့ဒီမိုကရေစီရေးတွင် တွေ့နေရသည်။ အထူးသဖြင့် လူမျိုးစုပြဿနာ (တစ်နည်း ဖက်ဒရယ်ပြဿနာ) ပေါ် အခြေခံသော ပြည်တွင်းစစ်ရပ်စဲရေး ရှေ့မတိုး နောက်မဆုတ် ဖြစ်နေရသည်မှာ မြန်မာ့ဒီမိုကရေစီရှေ့ခရီး အတွက် အတားအဆီး အဟန့်အတားလို ဖြစ်နေရသည်ဟု ယူဆရပါသည်။

ဘယ်သူ့ကြောင့်လဲ

ဆက်လက်ပြီး ဒီမိုကရက်တိုင်ဇေးရှင်းဖြစ်စဉ်ကို နောက်ကြောင်း ပြန်စေတတ်သော အင်အားစုများကိုလည်း ယခုလို စာရင်းချပြပါသည်။

၁။ လူထု၏ အစိတ်အပိုင်းတစ်ရပ် (အထူးသဖြင့် ရယ်ဒီကယ် အစွဲသန်သော လူထုကို ဆိုလိုပါသည်။)

၂။ လက်နက်ကိုင် တော်လှန်ပုန်ကန်မှုများ

(အဆိုပါ နံပါတ် (၁) နှင့် (၂) တို့မှာ သူ့ချည်းသက်သက်တော့ နောက်ကြောင်းပြန် အင်အားစု မဖြစ်နိုင်ပါ။ ဤအချက်များကို အကြောင်းခံပြီး တတိယအင်အားစု တစ်ခုခု ဝင်လာမှ အပီအပြင် နောက်ကြောင်းပြန် အင်အားစု ဖြစ်လာပါသည်။

၃။ နိုင်ငံခြား အင်အားကြီးနိုင်ငံ (အထူးသဖြင့် ဒီမိုကရေစီ မဟုတ်သော အိမ်နီးချင်း ဂရိတ်ပါဝါကို ဆိုလိုပါသည်။ ထောမတ်ကရိုသာ ၂၀၀၂)

၎။ တပ်မတော်

၅။ အစိုးရအဖွဲ့ အကြီးအကဲ (သမ္မတဖြစ်စေ၊ ဝန်ကြီးချုပ်ဖြစ်စေ၊ ဘုရင်ဖြစ်စေ)

ဆိုခဲ့ပါ အချက်ငါးချက်အနက် တစ်ခုချင်းသော် လည်းကောင်း၊ အခြားအချက်များနှင့် စုပေါင်း၍သော် လည်းကောင်း၊ ဒီမိုကရေစီ အပြောင်းအလဲကို နောက်ကြောင်းပြန်စေနိုင်ပါသည်။ ဤသဘောကို အရေးနိမ့် ဒီမိုကရက်တိုင်ဇာနိုင်ငံ ၂၀ တွင် အထင်အရှား တွေ့နိုင်သည်။ အာမေးနီးယားတွင် သမ္မတနှင့် လက်နက်ကိုင်တပ်။ ဘီလာရပ်စ်တွင် သမ္မတကိုယ်တိုင်။ ဘာကီနာဖာဆိုတွင် လက်နက်ကိုင်တပ်။ ဗဟိုအာဖရိက သမ္မတနိုင်ငံတွင် လက်နက်ကိုင် အင်အားစုနှင့် တပ်မတော်။ ဖီဂျီတွင် လက်နက်ကိုင်တပ်။ ဂျော်ဒန်တွင် ဘုရင်။ ကူဝိတ်တွင်လည်း ဘုရင် (စော်ဘွား) ပင်။ နီပေါတွင် ဘုရင်။ ရုရှားတွင် သမ္မတ။ ဇင်ဘာဘွေတွင် သမ္မတ။ ထူးခြားချက်မှာ အစိုးရ အကြီးအကဲ (သမ္မတ သို့မဟုတ် ဘုရင်) က ထိပ်ဆုံးတွင်ရှိပြီး လက်နက်ကိုင်တပ်မှာ ဒုတိယနေရာ ရှိနေခြင်းပင် ဖြစ်သည်။

မြန်မာ့ဒီမိုကရေစီရေးတွင် လက်နက်ကိုင်တပ်ကိုသာ နောက်ကြောင်းပြန် အင်အားစုအဖြစ် အဓိကကြည့်မြင်လေ့ ရှိသော်လည်း အစိုးရအဖွဲ့ အကြီးအကဲ၏ မကျွမ်းကျင်မှု၊ အားနည်းချက်၊ အရည်အချင်း မပြည့်မီမှုများကြောင့်လည်း ပြဿနာ ဖြစ်နိုင်သည်ကို သတိချပ်ဖို့လိုမည် ထင်သည်။

ဘာလုပ်ကြမလဲ

စီးပွားရေး ဖွံ့ဖြိုးမှုမှာ ရနိုင်ကောင်းသည့်အရာ ဖြစ်သော်လည်း အနည်းဆုံး ဆယ်စုတစ်ခု အချိန်ယူရသည်။ စီးပွားရေး ဖွံ့ဖြိုးမှု၏ အကျိုးဆက်များ၊ ဒီမိုကရက်တိုင်ဇေးရှင်း ဖြစ်စဉ်အပေါ် လက်တွေ့သက်ရောက်မှုရှိဖို့ ဆိုလျှင် မျိုးဆက်တစ်ဆက်ပင် အချိန်ယူကြရသည်များ ရှိသည်။ စီးပွားရေး ဖွံ့ဖြိုးမှုမှလွဲ၍ ကျန်အကြောင်းတရားများမှာ ပထဝီ၊ သမိုင်း၊ ယဉ်ကျေးမှုတို့နှင့် ဆက်စပ်နေရာ ပို၍ပင် အချိန်ယူရနိုင်ပါသည်။

အစိုးရအဖွဲ့ အကြီးအကဲကို အကောင်းဆုံး ထိန်းကျောင်းနိုင်စွမ်းမှာ အင်အားတောင့်တင်းသော ဥပဒေပြု အာဏာပင် ဖြစ်သည်။ နောက်ပိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် တပ်မတော်၏ အခန်းကိုလည်း တရားဝင် ဖော်ပြထားတတ်ရာ အရပ်ဘက်စစ်ဘက် ဆက်ဆံရေးမှာ ဖွဲ့စည်းပုံ ပြဿနာဟု ဆိုနိုင်သည်။ နှလုံးရည်တိုက်ပွဲတွင် အဆိုပါ ပြဿနာများကို ကျော်လွှားနိုင်ရေးမှာ လူထုအစိုးရ၏ ပါးနပ်မှု၊ စိတ်ရှည်မှုနှင့် အသိအလိမ္မာတရားတို့နှင့် ဆိုင်ပါလိမ့်မည်။ ဆိုခဲ့ပါ အင်အားစုနှစ်ရပ် (အစိုးရအဖွဲ့ အကြီးအကဲနှင့် လက်နက်ကိုင်တပ်) မှလွဲ၍ ကျန်အင်အားစုများမှာ ပထဝီ၊ သမိုင်း၊ ယဉ်ကျေးမှုတို့နှင့် ဆက်စပ်နေရာ အထိုက်အလျောက် အချိန်ယူကြရမည်သာ ဖြစ်ပါသည်။

ဤသို့သော အခြေအနေမျိုးတွင် ကိုယ်တိုင်ရွေးကောက်တင်မြှောက်လိုက်သော လူထုကိုယ်တိုင်က အစိုးရအပေါ် အားမလိုအားမရ ဖြစ်သည်များ ရှိလာနိုင်ပါသည်။ ဤအချက်က လူထုကို ရယ်ဒီကယ် ထောင်ချောက်ထဲ အချိန်မရွေး လိမ့်ကျစေနိုင်သည်။ ဤသည်မှာလည်း အရေးနိမ့် ဒီမိုကရေစီ အပြောင်းအလဲအတွက် နောက်ထပ် အရေးတကြီး အကြောင်းရင်း ဖြစ်နိုင်ပေသည်။ 

ကျော်ဝင်း
၂၈ မတ်လ၊ ၂၀၁၇
စာညွှန်း - Failed Democratization (M.Steven Fish and Jason Wittenberg)

ABOUT AUTHOR

(ကျော်ဝင်း)