News

POST TYPE

LATEST NEWS POST

၈၈ ကျောင်းသားများ နိုင်ငံရေးပါတီ တည်ထောင်ရန် ဖြစ်မြောက်ရေးကော်မတီကိုမေလတွင် ဖွဲ့စည်းရန် လျာထား
31-Mar-2017 tagged as ကျောင်းသား

ရန်ကုန်၊ မတ်လ ၃၁ 

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ပါဝင်မည့် နိုင်ငံရေးပါတီတစ်ခု ပေါ်ထွန်းလာရေးအတွက် ပါတီဖြစ်မြောက်ရေး ဦးဆောင်ကော်မတီ ဖွဲ့စည်းရန် မတ်လမှ စတင်ကာ ဖိတ်ခေါ်မှုများ ပြုလုပ်နေပြီး ယင်းကော်မတီကို မေလနှောင်းပိုင်းတွင် စတင်ဖွဲ့စည်းရန် လျာထားကြောင်း ၈၈ မျိုးဆက် ကျောင်းသားတစ်ဦး ဖြစ်သူ ကိုမြအေးက ပြောကြားသည်။ 

နိုင်ငံရေးပါတီတစ်ခု ပေါ်ထွန်းလာရေးအတွက် ဆွေးနွေးပွဲကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ အပါအဝင် ပြည်တွင်း၊ ပြည်ပ နိုင်ငံရေးအင်အားစုများကို ဖိတ်ခေါ်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွင် မတ်လ ၃၀ ရက်နှင့် ၃၁ ရက်နေ့များတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ အကြံပြုစာတမ်းပေါင်း ၂၆ စောင် တင်သွင်းခဲ့သည်။

“လူကိုအခြေမခံ၊ မူကိုအခြေခံတဲ့ ပါတီအဖြစ် ဖွဲ့စည်းမယ်။ အမြင့်ဆုံးနိုင်ငံရေး ရည်မှန်းချက်က နိုင်ငံတော်အာဏာကို စီမံခန့်ခွဲနိုင်တဲ့အထိ မျှော်လင့်ထားတယ်” ဟု အဆိုပါ ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများကို ၈၈ မျိုးဆက် ကျောင်းသားတစ်ဦးဖြစ်သူ ကိုမင်းဇေယျက ပြောကြားသည်။

နိုင်ငံရေးပါတီအဖြစ် ဖွဲ့စည်းရေးအတွက် ၂၀၁၇ နှစ်ကုန်ပိုင်းတွင် မှတ်ပုံတင်နိုင်ရန် စတင်ဆွေးနွေးနေပြီး ၂၀၁၈ နှစ်ဆန်းပိုင်းတွင် နိုင်ငံရေးပါတီအဖြစ် တရားဝင်ရပ်တည်ပြီး ပါတီလုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း ကိုမင်းဇေယျက ဆက်လက်ပြောကြားသည်။

ပါတီဝင်အဖြစ် ပူးပေါင်းပါဝင်လိုသူတိုင်းကို ဖိတ်ခေါ်ထားပြီး ပါတီကို ပြည်တွင်း၊ ပြည်ပ နိုင်ငံရေးအင်အားစုများ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ တတ်သိပညာရှင်များ၊ တိုင်းရင်းသားလူမျိုးများ ပါဝင်သော ပါတီအဖြစ် ဖွဲ့စည်းသွားမည် ဖြစ်သည်။ 

ပါတီအမည်ကို မသတ်မှတ်ရသေးသော်လည်း တရားဝင် ဖွဲ့စည်း၍ ပါတီအမည်ကို မိတ်ဆက်သည့်အခါတွင် ပါတီဖွဲ့စည်းပုံတို့ကိုပါ အသိပေးမည် ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ဆိုသည်။ 

ပါတီကျင့်သုံးမည့် မူဝါဒများနှင့် ယုံကြည်သော၊ ကိုက်ညီသောသူများ ဒီမိုကရေစီခရီး တစ်လျှောက်တွင် တစိုက်မတ်မတ် အားပေးကူညီသူများကို မဟာမိတ်ဖွဲ့မည် ဖြစ်ပြီး မဟာမိတ် ပေါ်လစီကိုပါ ထည့်သွင်းအသိပေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။