News

POST TYPE

LATEST NEWS POST

နိုင်ငံရေးပါတီသစ် ထူထောင်ရန် တွေ့ဆုံဆွေးနွေးပွဲ စတင်
31-Mar-2017 tagged as နိုင်ငံရေး

ရန်ကုန်၊ မတ်၃၀

ပြည်သူအကျိုးစီးပွားကို ရှေးရှု၍ မူဝါဒ အခြေခံသည့် နိုင်ငံရေးပါတီသစ် ပေါ်ထွက်လာစေရန် ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီ တိုက်ပွဲဝင် ရဲဘော်ရဲဘက်များ တွေ့ဆုံဆွေးနွေးပွဲကို မတ်လ ၃၀ ရက်နေ့၌ ရန်ကုန်မြို့ရှိ UMFCCI ခန်းမ၌ ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲကို နှစ်ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး ပြည်တွင်းပြည်ပ နိုင်ငံရေးအင်အားစု ၅၀၀ ခန့် တက်ရောက်ကြောင်း ပွဲကျင်းပသူများထံမှ သိရသည်။

ယင်းဆွေးနွေးပွဲ၌ နိုင်ငံရေးသုတေသီ ဦးကျော်ဝင်း၊ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီး၊ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်၊ ရခိုင်အမျိုးသားပါတီမှ ဦးဦးလှစော၊ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမင်းဇင်တို့က အဓိက ဦးဆောင်ဆွေးနွေးခဲ့ကြသည်။

နိုင်ငံရေးဆွေးနွေးပွဲ ပထမနေ့၌ အဆိုပါ ပုဂ္ဂိုလ်များက တိုင်းရင်းသားတန်းတူရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေး၊ အရပ်ဘက် စစ်ဘက် ဆက်ဆံရေး၊ နိုင်ငံသား အခွင့်အရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး (အမျိုးသမီးနှင့် ကလေးသူငယ်များ အခွင့်အရေး) စသည်တို့ကို ဆွေးနွေးသွားခဲ့သည်။

အလားတူ နိုင်ငံရေးပါတီတစ်ရပ် ဖြစ်မြောက်ရေး ဦးဆောင်သူ ဦးကိုကိုကြီးက “အောက်ခြေနယ်ပယ် အသီးသီးက ရဲဘော်တွေရဲ့ အကြံဉာဏ်တွေ၊ သဘောထားတွေကို စုစည်းပြီးတော့ သဘောထားတွေအပေါ် မူတည်ပြီးတော့ ကျွန်တော်တို့က ဖွဲ့စည်းပုံ၊ တည်ဆောက်ပုံဆိုတဲ့ ဟာတွေကို ရေးဆွဲမယ်” ဟု ပြောသည်။

အဆိုပါ ဆွေးနွေးပွဲကို ပြည်တွင်းပြည်ပရှိ ၈၈ မျိုးဆက် ကျောင်းသားဟောင်းများ၊ အခြားသော နိုင်ငံရေးမျိုးဆက်များ၊ ပညာရပ်ပိုင်းဆိုင်ရာ ပုဂ္ဂိုလ်များ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

မူဝါဒပိုင်းကို အခြေခံသည့် နိုင်ငံရေးပါတီကို ၂၀၁၇ ခုနှစ် အကုန်တွင် မှတ်ပုံတင်နိုင်ရန် ကြိုးပမ်းမည်ဖြစ်ပြီး ယင်းနိုင်ငံရေးပါတီသည် ၂၀၂၀ ရွေးကောက်ပွဲ၌ ရွေးကောက်ခံသွားမည် ဖြစ်ကြောင်း တက်ရောက်ဆွေးနွေးသူများထံမှ သိရသည်။

J-09