News

POST TYPE

LATEST NEWS POST

ထိုင်းရောက် မြန်မာလုပ်သား ၁၇ သိန်းကို တရားဝင် လုပ်သားဖြစ်အောင် ဆောင်ရွက်ပြီးဟု အတွင်းဝန်ပြော
ရန်ကုန်၊ မတ် ၂၃

မြန်မာလုပ်သားများ လူဦးရေသန်းနှင့်ချီ လုပ်ကိုင်လျက်ရှိသော ထိုင်းနိုင်ငံထဲမှ မြန်မာ အလုပ်သမား ၁၇ သိန်းကို ၂၀ဝ၉ ခုနှစ်မှစ၍ ၂၀၁၇ ခုနှစ်အထိ ကိုးနှစ်တာ ကာလအတွင်း တရားဝင် အလုပ်သမားဖြစ်အောင် လုပ်ဆောင်ပေးခဲ့ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က ပြောကြားသည်။

“အလုပ်သမား ဝန်ကြီးဌာနကို လာတင်တဲ့ စာရင်းအရဆိုရင် သုံးသိန်းနီးပါးပဲရှိတယ်။ တကယ် စာရင်းကောက်တော့ အများကြီး ဖြစ်နေတယ်။ တရားဝင် အလုပ်သမားဖြစ်မှ ထိုင်းနိုင်ငံက သတ်မှတ်တဲ့ အနည်းဆုံး အခကြေးငွေနဲ့ အခြား ခံစားခွင့်တွေ ရရှိမှာဖြစ်တဲ့အတွက် ကျန်ရှိနေတဲ့ အလုပ်သမားတွေအတွက်လည်း အထောက်အထား ခိုင်လုံအောင် လုပ်ပေးသွားမယ်”ဟု ၎င်းက ပြောဆိုသည်။

အလုပ်သမား အများစုမှာ ထိုင်းနိုင်ငံသို့ သွားရောက်ရန် ခွင့်ပြုမိန့် တင်ကြသော်လည်း ဝန်ကြီးဌာန၏ လုပ်ထုံးလုပ်နည်း ကြန့်ကြာမှုများကြောင့် စောင့်ဆိုင်းမှု မပြုတော့ဘဲ ထွက်ခွာသွားကြောင်း၊ အချို့ အလုပ်သမားများမှာ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် ခိုးဝင်ခြင်းကြောင့်လည်း တရားမဝင် အလုပ်သမား ဖြစ်သွားရကြောင်း ထိုင်းနိုင်ငံ မဟာချိုင်တွင် သွားရောက် အလုပ် လုပ်ကိုင်နေသူ မမျိုးမျိုးအေးက ပြောကြားသည်။

“အထောက်အထားလေး ရအောင် လုပ်တာကိုပဲ မြန်မာ အချင်းချင်း ဆက်ဆံရေး မကောင်းဘူး။ ပညာ မတတ်သူတွေက အထောက်အထား လုပ်ချင်တာကို သေချာ ရှင်းမပြတာတွေရှိလို့ ကျန်တဲ့ အလုပ်သမားတွေက တရားဝင် မဖြစ်သေးဘူး”ဟု ၎င်းက ဆိုသည်။

ထိုင်းသို့ တရားမဝင် ရောက်ရှိနေသည့် မြန်မာလုပ်သားများ ဦးရေမှာ သန်းနှင့်ချီရှိနေပြီး အစိုးရက တရားဝင် လုပ်ပေးနိုင်သည့် လူဦးရေမှာ နည်းပါးနေသေးကြောင်း ၎င်းက ပြောဆိုသည်။

J-13