News

POST TYPE

LATEST NEWS POST

ဦးဝီရသူ၏ အိမ်မဲ တရားပွဲ စီစဉ်သူကို ရက်ပိုင်းအတွင်း တရားစွဲမည်
21-Mar-2017 tagged as ဦးဝီရသူ

ပုသိမ်၊ မတ် ၂၀

ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် တစ်ဖက်ကမ်း သရက်ကုန်း သီးကွင်းကျေးရွာအုပ်စုတွင်  မန္တလေး မစိုးရိမ်တိုက်သစ်မှ ဘဒ္ဒန္တဝိစိတ္တာဘိဝံသ (ဦးဝီရသူ) ၏ တရားပွဲကို စီစဉ်ခဲ့သော ဦးမောင်ဝင်းကို ရက်ပိုင်းအတွင်း (ယခုသီတင်းပတ်) တွင် တရားစွဲဆိုမည် ဖြစ်ကြောင်း အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးစီးမှူး ဦးသက်ဇော်ဦးက ပြောကြားသည်။ 

“မတ်လ ၁၇ ရက်က ဥပဒေအရာရှိရဲ့ အကြံပြုချက် ရောက်နေပါပြီ၊ တရားပွဲ စီစဉ်သူကို မတ်လ စတုတ္ထပတ်ထဲမှာ တရားစွဲဆိုသွားမှာပါ၊ တရားစွဲဆိုတဲ့ ဥပဒေပုဒ်မကိုတော့ ရုံးတွင်းစာဖြစ်လို့ တရားရုံးတော် ရောက်မှသာ သိနိုင်မှာပါ” ဟု ၎င်းက ရှင်းပြသည်။

ခရိုင်မြိုနယ်နှင့် ရပ်/ကျေး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့မှ  မန္တလေး မစိုးရိမ်တိုက်သစ်မှ ဘဒ္ဒန္တဝိစိတ္တာဘိဝံသ (ဦးဝီရသူ) ၏ တရားပွဲကို ခွင့်မပြုခြင်းကို အသိပေးရာ တရားပွဲစီစဉ်သူ ဦးမောင်ဝင်းက သိရှိသည်ဟု ဝန်ခံခဲ့ကြောင်း၊ သို့သော် မတ်လ ၁၁ ရက်တွင် ပါးစပ်ပလတ်စတာ ပိတ်ထားသည့် မန္တလေး မစိုးရိမ်တိုက်သစ်မှ ဘဒ္ဒန္တ ဝိစိတ္တာဘိဝံသ (ဦးဝီရသူ) ကို တရားဟော စင်ပေါ်တင်ပြီး တရားခွေကိုဖွင့်ကာ တရားပွဲကို စီစဉ်ခဲ့သည့်အတွက် ဥပဒေအရာရှိ၏ အကြံပေးချက်ကို ရယူပြီး အထွေထွေအုပ်ချုပ်ရေးအဖွဲ့က တရားစွဲဆိုခြင်း ဖြစ်သည်။

မတ်လ ၈ ရက်က ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် လေးအိမ်စုကျေးရွာ အုပ်စု တာတပေါအရှေ့ ကျေးရွာတွင် မန္တလေး မစိုးရိမ်တိုက်သစ်မှ ဘဒ္ဒန္တဝိစိတ္တာဘိဝံသ (ဦးဝီရသူ) သည် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ၏ တရားဟောကြားခွင့် မပြုခြင်းကို တားမြစ်နေသည့်ကြားမှ လိုက်နာခြင်းမရှိဘဲ တရားဟောခဲ့ကြောင်း၊ တရားပွဲဖြစ်ခဲ့ရသည့်အတွက် လုပ်ငန်းတာဝန်များကို အချိန်နှင့် တစ်ပြေးညီ မဆောင်ရွက်နိုင်သော ဝန်ထမ်းများနှင့် ဖေဖော်ဝါရီလ အတွင်းက ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြခြင်း မရှိဘဲ တရားဟောပြောခွင့် ပြုပေးခဲ့သည့် ကျုံကူးကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဟိုင်းကြီးကျွန်းမြို့ အုပ်ချုပ်ရေးမှူးတို့ကို စစ်ဆေးနေကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး တာဝန်ရှိသူက ပြောဆိုသည်။

တရားဟောပြောခွင့် ပိတ်ခြင်းခံရသော မန္တလေး မစိုးရိမ်တိုက်သစ်မှ ဘဒ္ဒန္တဝိစိတ္တာဘိဝံသ ( ဦးဝီရသူ ) သည် ၂၀၁၇ ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး၌ တရားပွဲ ၅ ကြိမ် စီစဉ်ခဲ့ရာ ဖျာပုံနှင့် ပုသိမ်မြို့တို့တွင် ဒေသခံနှင့် အစိုးရအဖွဲ့က လက်မခံသဖြင့် တရားဟောပြောခြင်း မရှိခဲ့ကြောင်း၊ ငပုတောမြို့နယ်ရှိ ကျုံကူးရွာနှင့် မအူပင်မြို့နယ် တာတပေါရွာတို့တွင် တာဝန်ရှိသူများ တားမြစ်နေသော်လည်း တရားဟောပြောခြင်း၊ အိမ်မဲမြို့နယ် သီးကွင်းရွာတွင် ပါးစပ်ပလတ်စတာ ပိတ်ထားကာ တရားခွေဖွင့်သည့် တရားပွဲကို ပြုလုပ်ခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ သိရှိရသည်။             

R-12
ဓာတ်ပုံ - ကိုဇော် (အိမ်မဲ)