News

POST TYPE

LATEST NEWS POST

ဈေးဝယ်သူ ဟန်ဆောင်၍ လက်ကိုင်ဖုန်းခိုးယူနေသည့် အမျိုးသမီး ၇ ဦးကို ဖမ်းမိ
20-Mar-2017 tagged as ခိုးမှု

ရန်ကုန်၊ မတ် ၂၀

စတိုးဆိုင်၊ ကုန်စုံဆိုင်များတွင် ဈေးဝယ်သူ ဟန်ဆောင်၍ ဆိုင်ရှင်များ၏ လက်ကိုင်ဖုန်းများကို ခိုးယူနေသော အမျိုးသမီး ငါးဦး ပါဝင်သည့် ခုနစ်ဦးအဖွဲYကို မတ်လ ၁၉ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံမြို့သစ်တွင် ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါဖမ်းမိသူများမှာ လှိုင်သာယာ မြို့နယ်တွင် နေထိုင်သော အသက် ၂၅ နှစ် မှ ၃၀ နှစ်ကြားရှိ အမျိုးသမီး ငါးဦးနှင့် အမျိုးသား နှစ်ဦးဖြစ်ပြီး ရွှေပေါက္ကံမြို့သစ်ရှိ ကုန်စုံဆိုင်တစ်ဆိုင်တွင် အုပ်စုဖွဲ့ ဈေးဝင်ဝယ်ပြီးနောက် ဆိုင်ရှင်၏ လက်ကိုင်ဖုန်းကို ခိုးယူထွက်ပြေးစဉ် ဖမ်းမိခဲ့ကြောင်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“သူတို့အဖွဲ့က ဆိုင်ထဲ ဈေးဝင်ဝယ်ချိန် တစ်ယောက်နဲ့တစ်ယောက် မသိသလိုနေကြပြီး ဆိုင်ရှင်ကို ဟိုပစ္စည်းလေး ထုတ်ပြပါဦး၊ ဒီပစ္စည်းလေး ဈေး ဘယ်လောက်လဲနဲ့ အာရုံလွဲအောင် ဝိုင်းမေးပြီး ကောင်တာပေါ် တင်ထားတဲ့ဖုန်းကို တစ်ယောက်က ခိုးယူပြေးတာ။ ခိုးမှုနဲ့ တိုင်ကြားတဲ့ ဆိုင်အချို့က တပ်ထားတဲ့ CCTV မှတ်တမ်းတွေ ပြန်စစ်ဆေးခဲ့ရာက သူတို့အဖွဲ့ကို ဖော်ထုတ် ဖမ်းနိုင်ခဲ့တာပါ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ အဖွဲ့ကို စစ်ဆေးခဲ့ရာ ရွှေပေါက္ကံမြို့သစ်ရှိ စတိုးဆိုင်နှင့် ကုန်စုံဆိုင်များတွင် ခိုးယူခဲ့သော လက်ကိုင်ဖုန်း ရှစ်လုံးကို ပြန်လည် သိမ်းဆည်းရမိခဲ့ပြီး ကျန်မြို့နယ်များတွင် ခိုးမှုများ ကျူးလွန်ထားခြင်း ရှိမရှိ ဆက်လက် စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03