News

POST TYPE

LATEST NEWS POST

ကိုဆွေဝင်းကို ရန်ကုန်တွင် ထပ်မံ တရားစွဲ
20-Mar-2017 tagged as

ရန်ကုန်၊ မတ် ၂၀ 

ဆရာတော် ဦးဝီရသူနှင့် မဘသ အဖွဲ့အစည်းအပေါ် ဝေဖန်ပြောဆိုချက်များနှင့် ပတ်သက်၍ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို ကြည့်မြင်တိုင်မြို့နယ်၊ မကျည်းတန်းမြောက် ရပ်ကွက်တွင် နေထိုင်သူ ကိုသက်မျိုးဦးက ကျောက်တံတားမြို့နယ် တရားရုံးတွင် ဦးတိုက် လျှောက်ထား တရားစွဲဆိုခဲ့ကြောင်း သိရသည်။

တရားရုံးတွင် ဦးတိုက်လျှောက်ထား တရားစွဲဆိုသူ ကိုသက်မျိုးဦးက မိမိသည် မည်သည့်အဖွဲ့အစည်းဝင်မှ ဝင်ရောက်ခြင်းမရှိဘဲ ပြည်သူတစ်ဦး အနေနှင့် တရား စွဲဆိုခြင်းဖြစ်ကြောင်း၊ ဆရာတော် ဦးဝီရသူနှင့် ဩဝါဒါစရိယ ဆရာတော်များ ပါဝင် ဖွဲ့စည်းထားသည့် မဘသအဖွဲ့အစည်းကို အဓမ္မအဖွဲ့အစည်းဟု သုံးနှုန်း ပြောဆိုသဖြင့် ကိုးကွယ်သူများနှင့် အခြားဘာသာဝင်များမှ အထင်အမြင် သေးစေရန် ရည်ရွယ်ပြောဆိုသည်ဟု ယူဆသဖြင့်  ဦးတိုက် လျှောက်ထား တရားစွဲဆိုရခြင်းဖြစ်ကြောင်း ကိုသက်မျိုးဦးက ရှင်းပြသည်။

“အခုလို အမှုဖွင့်ရတာဟာ ချစ်လို့ မုန်းလို့ မဟုတ်ဘူး၊ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ သူပြောခဲ့တဲ့ စကားလုံးတွေဟာ အင်မတန် စိတ်မကောင်းစရာ ဖြစ်တယ်၊ အခုအမှုဖွင့်တာနဲ့ ပတ်သက်လို့ ဆရာတော် ဦးဝီရသူကတော့ ပုဂ္ဂိုလ်ရေးအရ ပြောတာ ဖြစ်တဲ့အတွက် ခွင့်ပြုပေးဖို့ စာနဲ့ တောင်းဆိုခဲ့တယ်၊ သူကလည်း ကန့်ကွက်စရာ မရှိပါဘူးလို့ စာနဲ့အကြောင်း ပြန်ခဲ့ပါတယ်၊ မဘသ အဖွဲ့အစည်းကတော့ သံဃာတော် အဖွဲ့အစည်း ဖြစ်တဲ့အတွက် ခွင့်ပြုချက် မတောင်းခဲ့ပါဘူး”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ကျောက်တံတားမြို့နယ်၊ ဆိပ်ကမ်းသာလမ်း (အထက်ဘလောက်) ရှိ Myanmar Now သတင်းရုံးခန်းတွင် မတ်လ ၈ ရက် မွန်းလွဲ ၂ နာရီအချိန်တွင် မီဒီယာများနှင့် အင်တာဗျူးတွင် အယ်ဒီတာချုပ် ကိုဆွေဝင်းက “ဦးဝီရသူ ပါရာဇိကကျတယ်ဆိုတာ တော်တော်လေး သက်ညှာတာ၊ လူဖြစ်ဆိုရင် လူအဆင့် မရှိဘူး၊ ကျွန်တော် တရားဝင် ပြောတာ၊ ဦးဝီရသူဟာ ဒုစရိုက်သမားပဲ၊ အပြစ်ပေး အရေးယူရမယ်၊ သူဟာ လူ့အဖွဲ့အစည်းမှာ ကြမ်းပိုးပဲ။ လူဝတ်ကြောင်တောင် မဟုတ်ဘူး၊ ဒါ ရာဇဝတ်သား၊ တစ်ခါတည်း ထောင်ထဲ တန်းပို့ပြီး အရေးယူရမယ်၊ ဥပဒေမှာ သေဒဏ်ရှိရင် သေဒဏ်ပေးရမယ့် ပုဂ္ဂိုလ်၊ လူ့အဖွဲ့အစည်းအတွက် ထားသင့်တဲ့ ပုဂ္ဂိုလ်မျိုး မဟုတ်ဘူး၊ တစ်နိုင်ငံလုံး မိုးမွှန်အောင် ဆဲနေတာ၊ ဘာ အသေရေ ရှိလို့လဲ”ဟု ပြောဆိုဖြေကြားခဲ့ကြောင်း တရားရုံးသို့ ဦးတိုက်လျှောက်ထားချက်အရ သိရသည်။

ယင်းတရားစွဲဆိုထားမှုနှင့် ပတ်သက်၍ ကိုဆွေဝင်း၏ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က “ဒီကိစ္စနဲ့ပတ်သက်လို့ ဒီနေ့ပဲ မီဒီယာ ကောင်စီကို တင်ပြထားပါတယ်၊ သတင်းမီဒီယာကောင်း မီဒီယာသမားတစ်ယောက် ကိုယ်စား ရပ်တည်သွားမယ်လို့ သိရတယ်။ ဒီတိုင်ကြားချက်က ဥပဒေနဲ့မညီဘူး၊ ဥပဒေနဲ့ လွဲနေတယ်၊ စစ်ဆေးမှုတွေမှာ ဥပဒေနဲ့အညီ ဖြစ်ဖို့အတွက် အရေးယူ ဆောင်ရွက်ပေးပါလို့ တင်လိုက်ပြီ၊ အရင် ၆၆(ဃ)လို သတင်းစာ ရှင်းလင်းပွဲ မလုပ်တော့ဘူး၊ လုပ်လိုက်ရင် တရားရုံး မထီမဲ့မြင်ပြုမှု ဥပဒေနဲ့ ငြိစွန်းသွားမှာရယ်၊ သတင်းမီဒီယာများ အနေနဲ့ သိချင်တာရှိရင် ကိုဆွေဝင်းက မဖြေရှင်းဘဲနဲ့ ဥပဒေအကြံပေး ကျွန်တော်ကပဲဖြေကြား ပေးဖို့ စီမံထားတယ်၊ ဧပြီလ ၃ ရက်နေ့ကျရင် မပလပ်ရင် တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကို ငှားရမ်း ဖြေရှင်းသွားမှာပါ”ဟု ဖြေကြားသည်။

ယင်းအမှုအား ကျောက်တံတား မြို့နယ်တရားရုံးက ရာကြီး ၆၈/ ၂၀၁၇ ဖြင့် လက်ခံ ဆောင်ရွက်ထားပြီး ကျင့်ထုံး ဥပဒေပုဒ်မ ၂၀၂(၁)အရ ကျောက်တံတား မြို့မရဲစခန်းသို့ စစ်ဆေးပေးရန် အမိန့်ချမှတ်ခဲ့ကြောင်း ယင်းမြို့နယ် တရားရုံးထံမှ သိရသည်။

J- 16

  • TAGS