News

POST TYPE

LATEST NEWS POST

ဝန်ကြီးနှစ်ဦးကိစ္စ တန်ဖိုးကြီးကြီး ပေးဆပ်ရမည်ဟု နယ်သာလန်ကို တူရကီသမ္မတ သတိပေး
14-Mar-2017 tagged as တူရကီ

အန်ကာရာ၊ မတ် ၁၂

တူရကီဝန်ကြီး နှစ်ဦးကို နိုင်ငံတွင်း ပေးမဝင်ခဲ့သည့် နယ်သာလန်နိုင်ငံ အနေနှင့် တန်ဖိုးကြီးကြီး ပေးဆပ်ရမည် ဖြစ်ကြောင်း တူရကီသမ္မတ ရီဆက်တာယစ်အာဒိုဂန်က သတိပေးခဲ့သည်ဟု BBC   သတင်းက ဖော်ပြသည်။

မတ်လ ၁၁ ရက်နေ့က နယ်သာလန်နိုင်ငံ ရော့တာဒမ်ရှိ ရွှေ့ပြောင်းအခြေချသူ တူရကီနိုင်ငံသားများကို မဲဆွယ်မိန့်ခွန်းပြောရန် လာရောက်သော တူရကီဝန်ကြီး နှစ်ဦးကို နယ်သာလန် အာဏာပိုင်များက ဟန့်တားခဲ့သည်။

နယ်သာလန်တွင် မတ်လ ၁၅ ရက် နေ့၌ ရွေးကောက်ပွဲများ ကျင်းပတော့မည် ဖြစ်ရာ နိုင်ငံတွင်းရှိ တူရကီ နိုင်ငံသားများ စုဝေးချီတက်ပွဲလုပ်ပါက အခြေအနေ တင်းမာလာနိုင်သည်ဟု နယ်သာလန် အစိုးရက ပြောကြားခဲ့သည်။ 

တူရကီ အခြေခံဥပဒေ ပြင်ဆင်ရေး ပြည်သူ့ဆန္ဒခံယူပွဲအတွက် တူရကီနိုင်ငံသား ၅ ဒသမ ၅ သန်းမျှ ရှိနေသော ဥရောပတစ်လွှားရှိ နိုင်ငံများတွင် တူရကီ အစိုးရ တာဝန်ရှိသူများက မဲဆွယ်စုဝေးပွဲများ လုပ်ဆောင်ရန် စီစဉ်ခဲ့ခြင်းကြောင့် ဥရောပနိုင်ငံများနှင့် တူရကီအကြား ဆက်ဆံရေး တင်းမာလာခဲ့သည်။

တူရကီကို ပါလီမန် ဒီမိုကရေစီစနစ်မှ နေ၍ သမ္မတနိုင်ငံစနစ်သို့ ကူးပြောင်းရေး ဧပြီလအတွင်း ဆန္ဒခံယူပွဲ ကျင်းပမည်ဖြစ်ရာ အစိုးရ မျှော်လင့်သလို ထောက်ခံသည့်ဘက်မှ အနိုင်ရစေရေးအတွက် ဥရောပတစ်လွှား ရောက်ရှိနေသော တူရကီ မဲဆန္ဒရှင်များ၏ မဲများကလည်း အရေးပါနေသည်။

ရော့တာဒမ်တွင် ဟောပြောရန် လေယာဉ်ဖြင့် လာသော တူရကီ နိုင်ငံခြားရေးဝန်ကြီးကို နယ်သာလန် အစိုးရက ဝင်ခွင့်မပေးခဲ့သလို ကားဖြင့်လာသည့် မိသားစုရေးရာဝန်ကြီးကိုလည်း နယ်စပ်အထိ ရဲအစောင့်အရှောက်ဖြင့် ပြန်ပို့ခဲ့သည်။

နယ်သာလန်နည်းတူ ဂျာမနီကလည်း တူရကီဝန်ကြီးများ နိုင်ငံတွင်း လာရောက်မဲဆွယ်မှုကို ခွင့်မပြုခဲ့ပေ။ ယင်းအတွက် တူရကီသမ္မတ အာဒိုဂန်က ဂျာမနီနှင့် နယ်သာလန် အစိုးရများကို နာဇီအကြွင်းအကျန်များဟု ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

အာဒိုဂန်၏ ဆိုးရွားသော မှတ်ချက်အတွက် ပြန်တောင်းပန်ရန် နယ်သာလန် ဝန်ကြီးချုပ် မာ့ခ်ရုသ်က တောင်းဆိုထားသည်။
“ဒီတိုင်းပြည်ဟာ ဒုတိယကမ္ဘာစစ် အတွင်းမှာ နာဇီတွေရဲ့ ဗုံးကြဲမှုဒဏ် ခံခဲ့ရတာပါ။ ဒီလိုမျိုး ပြောတာဟာ လုံးဝ လက်မခံနိုင်စရာပါ” ဟု ဝန်ကြီးချုပ် မာ့ခ်ရုသ်က ဝေဖန်ခဲ့သည်။

ဥရောပတစ်လွှား တူရကီဝန်ကြီးများ မဲလိုက်ဆွယ်မည့် အစီအစဉ်ကို ဥရောပနိုင်ငံ အများစုက လက်မခံခဲ့ဘဲ ပြင်သစ် တစ်နိုင်ငံတည်းသာ လက်ခံခဲ့သည်။       

F-03