News

POST TYPE

LATEST NEWS POST

၁၀ ရက်၊ ၁၀ နာရီ၊ ၁၀ မိနစ် မှ ၂ နှစ်အကြာ

ရန်ကုန်မြို့တောင်ဘက်ပိုင်းက သန်လျင်တံတားအကျော် မီးပွိုင့်အနီး ဆိုင်ကယ်တက္ကစီ မောင်းသူများသည် ထိုပညာဒါနကျောင်းအမည်ကို ပြောလိုက်ရုံနှင့် ထိုနေရာကို ရောက်နိုင်ပါသည်။

မြရတနာလမ်းဟု အမည်ပေးထားသော ကွန်ကရစ်လမ်းကျဉ်းလေးထဲ ဝင်သွားပါက အိုးဝေ ပညာဒါနကျောင်းဟု ရေးသားထားသည့် ဆိုင်းဘုတ်ကို တွေ့ရသည်။

မိုးဒဏ်၊ လေဒဏ်၊ နေဒဏ်ကြောင့် အနီရောင် ဗီနိုင်းဆိုင်းဘုတ်မှာ စုတ်နေပြီး အရောင်ဖျော့တော့တော့ ဖြစ်နေသည်။ ယင်းဆိုင်းဘုတ်နောက် ခြံဝင်းအတွင်းတွင် အနောက်ဘက်ကို မျက်နှာမူပြီး နှစ်ထပ်ဆောက်ထားသည့်  အဆောက်အအုံကို တွေ့ရသည်။

ထိုနေရာ၏ အောက်ထပ် စာကြည့်ခန်းတွင် ကျောင်းသား ငါးဦးခန့် စာကြည့်နေသည်ကို တွေ့ရသည်။ စာကြည့်ခန်းအပြင် ထိုနေရာသည် ဆယ်တန်းကျောင်းသား သုံးဆယ်ကျော် စာသင်ယူသည့် နေရာလည်း ဖြစ်သည်။

စာသင်ခန်းလည်းဖြစ်၊ စာကြည့်တိုက် စာဖတ်ခန်းလည်းဖြစ်သည့် ထိုနေရာ၏ ဘေးပတ်လည်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ဗကသ) ၏ အမှတ်အသား ခွပ်ဒေါင်းအလံကိုလည်း တွေ့ရသည်။ 

ထို့ပြင် ဗိုလ်ချုပ်အောင်ဆန်း ရန်ကုန်တက္ကသိုလ် ကျောင်းသားဘဝ အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ ဖြစ်ခဲ့စဉ် ကုလားထိုင်ပေါ်တွင် ထိုင်လျက် ရိုက်ကူးထားသည့် ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံကို မြင်တွေ့ရပါလိမ့်မည်။

ထိုအလံနှင့် ဓာတ်ပုံများအနီးတွင် ဆံပင်ရှည်ကုပ်ဝဲနှင့် အရပ် ရှည်ရှည်သွယ်သွယ် အသက် ၃၀ ဝန်းကျင်ခန့် လူတစ်ယောက်သည် ကျောင်းသားများ စာဖတ်သည်ကို နားထောင်လျက်ရှိသည်။

ထိုသူသည် လွန်ခဲ့သော ၂နှစ်က လက်ပံတန်းမြို့အနီး ဖြိုခွင်းခံရသော အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး သပိတ်စစ်ကြောင်းတွင် ပါဝင်ခဲ့သူ ကိုမင်းသွေးသစ်ပင် ဖြစ်ပါသည်။

ကိုမင်းသွေးသစ်က လွန်ခဲ့သော ၂ နှစ်က အစိုးရကို ထိတ်လန့် စိုးရိမ်စေခဲ့သော အမျိုးသား ပညာရေး ဥပဒေသစ် ပေါ်ထွန်းရေးအတွက် ဦးဆောင် တိုက်ပွဲဝင်ခဲ့သူ ကျောင်းသားခေါင်းဆောင်တစ်ဦး ဖြစ်သည်။

ဦးသိန်းစိန် အစိုးရလက်ထက် အမျိုးသားပညာရေး ဥပဒေကို ရေးဆွဲနေချိန်တွင် ကိုမင်းသွေးသစ် ဦးဆောင်သည့် အမျိုးသား ပညာရေး လှုပ်ရှားမှုသည် အရေးပါသော လှုပ်ရှားမှုတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ရန်ကုန်သို့ ဆက်ချီတက်ရေး မတ်လ ၁၀ ရက်၊ ၁၀ နာရီ၊ ၁၀ မိနစ် အချိန်တွင် ကျောင်းသားများက ရာနှင့်ချီသည့် လုံထိန်းများကို စတင် ထိုးဖောက်ခဲ့ကြသည်။

ကျောင်းသားများ ဦးဆောင်ပြီး တိုက်ပွဲဝင်ခဲ့သော အမျိုးသား ပညာရေး ဥပဒေသစ် ပေါ်ထွန်းရေး ဆန္ဒပြမှုကို မန္တလေးမှ ရန်ကုန်သို့ ချီတက်လာစဉ် ၄၉ ရက်မြောက်တွင် လက်ပံတန်းမြို့တွင် တားဆီးခံခဲ့ရပြီး မတ်လ ၁၀ ရက်နေ့ မွန်းလွဲ တစ်နာရီတွင် အင်အားသုံး အကြမ်းဖက် ဖြိုခွင်းခံခဲ့ရသည်။

လက်ပံတန်းတွင် ဖမ်းဆီးခံရပြီး တစ်နှစ်ကျော်ကြာအထိ အစိုးရဘက်မှ ဖမ်းဆီး ထိန်းသိမ်းထားခဲ့ပြီး ကိုမင်းသွေးသစ်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) အစိုးရသစ် လက်ထက်ရောက်မှ ပြန်လည် လွတ်မြောက်လာခဲ့သည်။

ထိုစာသင်ခန်းအတွင်း ဝှိုက်ဘုတ်တစ်ချပ်၊ သစ်သားစာရေးခုံ၊ ထိုင်ခုံများအပြင် ကျောင်းပြဋ္ဌာန်း စာအုပ်များကို မှီငြမ်းနိုင်မည့် ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်း၊ နိုင်ငံရေး၊ လူ့အခွင့်အရေး၊ စီးပွားရေးဆိုင်ရာ စာအုပ်စာတမ်းများကိုလည်း တွေ့ရှိရပါလိမ့်မည်။

အဆိုပါကျောင်းကို ကိုမင်းသွေးသစ်နှင့် စိတ်တူကိုယ်တူ သူငယ်ချင်းများ စုပေါင်း၍ ၂၀၁၂ ခုနှစ် ကတည်းက ဖွင့်လှစ်ထားခြင်းဖြစ်သည်။

ထိုအချိန်က သန်လျင်မြို့အတွင်း အခြားတစ်နေရာတွင် ဖွင့်လှစ်ခဲ့သော်လည်း ထောက်လှမ်းရေးများက လာမေးသဖြင့် အိမ်ပိုင်ရှင်က ထပ်မငှားတော့၍ ယခုအခါ ခုနစ်နေရာ ပြောင်းရွှေ့ခဲ့ရသည်။

ပညာရေးပြောင်းလဲရေး သပိတ်မှောက် ကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ်တစ်ယောက် ယခုအခါ အိုးဝေပညာဒါနကျောင်းတွင် ဆယ်တန်း၊ ကိုးတန်းကျောင်းသားများကို မြန်မာစာနှင့် အင်္ဂလိပ်စာပြနေသည်။

တစ်ဖက်ကလည်း ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် ရုက္ခဗေဒ အဝေးသင် ဒုတိယနှစ်ကို ဆက်တက်နေသည်။

“အဓိကတော့ ပညာရေး ပြုပြင်ပြောင်းလဲမှု မလုပ်နိုင်ခင်မှာ ဒုက္ခ ရောက်နေတဲ့ ကျောင်းသားတွေ ငွေရေးကြေးရေးကြောင့် ကျောင်းမတက်နိုင်ဘူးဆိုတာ မဖြစ်အောင်လို့ တတ်နိုင်တဲ့ဘက်က ဝင်ထမ်းပေးတာပါ”ဟု ကိုမင်းသွေးသစ်က ပြောဆိုသည်။

ထောင်က ထွက်လာသည့်နောက်ပိုင်း အိုးဝေပညာဒါနကျောင်းကို ပြန်လည် ဦးဆောင်ခဲ့ပြီး လူငယ်များအတွက် ပညာဒါန အကူအညီပေးရေးကို အားဖြည့်ခဲ့သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကုန်ပိုင်းက ဗကသများ အဖွဲ့ချုပ် ဗဟို လုပ်ငန်းကော်မတီဝင် သပိတ်ခေါင်းဆောင် ကိုမင်းသွေးသစ်တစ်ယောက် ယခုအခါ ယင်းတာဝန်များကို ရပ်နားပြီးနောက် ယခုလည်း ဆယ်တန်း စာမေးပွဲကာလ အလုပ်ရှုပ်နေလေသည်။ ကိုမင်းသွေးသစ်တစ်ယောက် လက်ရှိ ပညာရေးစနစ်ကို မကြိုက်သော်ငြား ငွေကြေး မတတ်နိုင်၍ ကလေးများ ပညာနှင့် ဝေးရမည်ကိုတော့ မလိုလား။ ထို့ကြောင့် ကျောင်းသားများကို စာသင်ပေးနေခြင်း ဖြစ်သည်။

“အဲဒီတုန်းက ရဲတပ်ဖွဲ့ဝင်ငါးဦးခန့်က လက်နှစ်ဖက်ကို ချုပ်နှောင်ပြီး ဦးခေါင်းကွဲမတတ်  အချက်ပေါင်း များစွာ အရိုက်ခံခဲ့ရတယ်”ဟု ကိုမင်းသွေးသစ်က ပြောသည်။

ထိုစဉ်က လက်ပံတန်းမြို့အထွက် တစ်နေရာတွင် ရဲတပ်ဖွဲ့က နှစ်ဖက်ပိတ်၍ ရိုက်နှက်ခံခဲ့ရပြီး ပညာရေး ဥပဒေပြင်ရန် တောင်းဆိုသူ ကျောင်းသား ၁၀ဝ ကျော် ဖမ်းဆီးခံခဲရသည်။

မတ်လနွေပူပူတွင် ဖြိုခွင်းခံခဲ့ရသော ကျောင်းသားသပိတ် ဓာတ်ပုံများသည် အစိုးရ၏ ပြုပြင်ပြောင်းလဲရေး ကြွေးကြော်မှု ဟန်ပြဆိုသည်ကို ကောင်းစွာ မီးမောင်းထိုးနိုင်ခဲ့သည်။

“သာယာဝတီထောင်မှာ တစ်နှစ်နဲ့ ၂၈ ရက် နေခဲ့ရတယ်။ တရားရုံးကို အကြိမ်ပေါင်း များစွာ ထောင်ကနေ သွားရတယ်။ မနှစ်က နှစ်ပတ်လည်ကိုတော့ သာယာဝတီခရိုင် တရားရုံးမှာပဲ လုပ်ခဲ့တယ်”ဟု ကိုမင်းသွေးသစ်က ပြောသည်။

၁၉၂၀ ပြည့်နှစ် ကျောင်းသားသပိတ်တွင် မန္တလေးမြို့ ကျောင်းသားခေါင်းဆောင်များ သပိတ်မှောက်ရာ နေရာမှ စတင်ခဲ့သည့် သပိတ်စစ်ကြောင်းသည် ပလိပ်၊ ကျောက်ဆည်၊ မြစ်သား၊ ပြင်စည်၊ နွားထိုးကြီး၊ မြင်းခြံမြို့များသို့ ဖြတ်လာပြီး ဇန်နဝါရီလ ၂၇ ရက်တွင် တောင်သာသို့ ဆက်လက် ချီတက်ခဲ့ကြသည်။

မြင်းခြံမြို့မှ ခုနစ်မိုင်ခန့်အကွာ နန်းမြင့်ကျေးရွာအနီး နန်းမြင့်တောင်ကြား အရောက်တွင် လုံထိန်း ၂၀ဝခန့်နှင့် အာဏာပိုင်များက တားမြစ်ခဲ့သည်။

တောင်သာဒေသသည် ဝန်ကြီး ဦးအောင်သောင်း၏ ဒေသဖြစ်၍ ကျောင်းသားသပိတ်စစ်ကြောင်း တောင်သာမြို့ ဖြတ်လျှင် ဒေသခံများက ရိုက်နှက်မည်ဆိုသော ကောလာဟလများ ထွက်ပေါ်ခဲ့သည်။

နန်းမြင့်တောင်ကြားတွင် ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာ ဦးစီးဌာန(အထက်မြန်မာပြည်) ညွှန်ကြားရေးမှူးချုပ်(ယခု ပညာရေး အမြဲတမ်း အတွင်းဝန်) ဒေါက်တာစိုးဝင်း၊ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ မောင်သင်း (ယခု လွှတ်တော်အမတ်) ဦးဆောင်သည့် ကျောင်းဆရာဟောင်း ကိုယ်စားလှယ် အုပ်စုက အစိုးရကိုယ်စားပြု၍ ကျောင်းသားသပိတ် ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြသည်။

သပိတ်မှောက် ကျောင်းသားများ တောင်းဆိုသည့် အစိုးရ၊ လွှတ်တော်၊ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်များ၊ ပညာရေး ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာ ကွန်ရက် တာဝန်ရှိသူများ လေးပွင့်ဆိုင် နေပြည်တော်တွင် တွေ့ဆုံရန် သဘောတူခဲ့ကြသည်။

တစ်ဖက်က ဆွေးနွေးသလို သပိတ်စစ်ကြောင်းကလည်း ချီလာခဲ့သည်။

တစ်လအကျော် ဖေဖော်ဝါရီလ ၂၇ ရက် ညနေပိုင်းတွင် ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့အဝင် အောင်မြေ ဗိမာန်ကျောင်းသို့ ရောက်ခဲ့ကြသည်။ ထို့နောက် ဆွေးနွေးမှူများအပေါ် ကျေနပ်အားရမှု မရှိကြ၍ မတ်လ ၃ ရက်တွင် အောင်မြေဗိမာန်ကျောင်းရောက် ကျောင်းသား သပိတ်စစ်ကြောင်းသည် ရန်ကုန်မြို့သို့ ဆက်လက် ချီတက်ရန် ပြင်ဆင်ခဲ့သည်။

သို့သော် အဆိုပါ ကျောင်းအထွက် ကိုက်ငါးရာခန့်အကွာ လမ်းထိပ်မှာပင် ရဲတပ်ဖွဲ့က အင်အားငါးရာခန့်၊ လုံထိန်းကား များစွာဖြင့် ပိတ်ဆို့ထားခဲ့သည်။ ကျောင်းသားများလည်း ထိုနေရာမှာပင် ထိုင်သပိတ်ပြုလုပ်ခဲ့ကြသည်။

ထို့နောက် ရှစ်ရက်အကြာတွင် အမျိုးသား ဥပဒေပြင်ဆင်ရေး၊ ဒီမိုကရေစီ ပညာရေး သပိတ်စစ်ကြောင်း ကျောင်းသားများနှင့် ဝန်းရံသူ တစ်ရာကျော်ကို လုံထိန်းများက ရိုက်နှက် ဖမ်းဆီးခဲ့သည်။

သပိတ်မှောက် တောင်းဆိုခဲ့သည့် အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး၊ ဒီမိုကရေစီ ပညာရေး၊ ကျောင်းသား သမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရရှိရေး စသည့် တောင်းဆိုချက်များမှ ယခင်သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်မှသည် ယခုအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရသစ်လက်ထက် တိုင်အောင် အောင်မြင်မှု မရရှိသေးပေ။

အတည်ပြုပြီး အမျိုးသား ပညာရေး ဥပဒေတွင် ကျောင်းသားသမဂ္ဂများ လွတ်လွပ်စွာ ဖွဲ့စည်းခွင့်ကို တရားဝင် အာမခံချက် ပေးထားမသေးဘဲ ဆက်လက် ထွက်ရှိမည့် အဆင့်မြင့် ပညာရေးဥပဒေနှင့် တက္ကသိုလ် ပဋိညာဉ်များတွင် ထည့်သွင်းသွားမည်ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန တာဝန်ရှိသူများက ပြောဆိုသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရသစ်ပြောင်း၍ တစ်နှစ်နီးပါး ကြာသည့်တိုင်အောင် အဆင့်မြင့်ပညာရေး ဥပဒေနှင့် တက္ကသိုလ် ပဋိညာဉ် မည်သို့ရှိသည်ကို မသိရ။ အဆင့်မြင့်ပညာရေး ဥပဒေ အတည်ပြုပြီးမှ တက္ကသိုလ် ပဋိညာဉ် ရေးဆွဲမည်ဟု တာဝန်ရှိသူ အချို့က ပြောဆိုသည်။

သို့သော် တက္ကသိုလ် ပဋိညာဉ်များ ရေးဆွဲပြဋ္ဌာန်းပြီးမှသာ အဆင့်မြင့်ပညာ ဥပဒေကို အတည်ပြုနိုင်မည်ဟု ဆိုကြပြန်သည်။

ထို့ကြောင့် ကျောင်းသားများ သပိတ်မှောက် တောင်းဆိုသည့် ကျောင်းသားသမဂ္ဂများ တရားဝင် လွတ်လပ်စွာ ဖွဲ့စည်းလှုပ်ရှားခွင့်မှာ ဥပဒေအရ မည်သည့်အချိန် ပေါ်ပေါက်လာမည်၊ ပါရှိမည်၊ မရှိမည်ကို တိတိကျကျ မပြောနိုင်။

အားသာချက်က ပြည်သူလူထု ရွေးချယ် တင်မြှောက်သည့် အစိုးရသစ် လက်ထက်တွင် တက္ကသိုလ်အချို့၌ လစ်လပ်အခန်းများ၊ အဆောင်များကို ကျောင်းသားသမဂ္ဂ ရုံးခန်းအဖြစ် အသုံးပြုခွင့်ရသည်။

သို့သော် ယင်းသို့ အသုံးပြုခွင့်ရခြင်း၊ မရခြင်းမှာလည်း တက္ကသိုလ်ပါချုပ်များ၏ သဘောထားအပေါ်တွင် မူတည်နေပြန်သေးသည်။

ထို့ပြင် အစိုးရသစ်လက်ထက်မှ တက္ကသိုလ် ကျောင်းသားသမဂ္ဂများနှင့် မြေလတ်ဗကသတို့ ပူးပေါင်း ဖွဲ့စည်းခဲ့သည့် နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(နကသ) ကို ဖွဲ့စည်းခဲ့ပြန်သေးသည်။

နကသတွင် သမ္မတဟောင်း ဦးသိန်းစိန်လက်ထက် ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှုတွင် ဗကသနှင့်အတူ လက်တွဲခဲ့ကြသည့် ကျောင်းသားခေါင်းဆောင်များ ပါဝင်သည်။

နကသက အစိုးရသစ်နှင့် နီးကပ်သည့် ဆက်ဆံရေး ရှိသည်။ အစိုးရ၏ ပညာရေး ပြောင်းလဲမှု လုပ်ငန်းများကို လက်တွဲလုပ်မည်ဟု ပြောကြားသည်။

ထိုသို့ဖွဲ့စည်းခြင်းကို အစိုးရသစ် အနေနှင့် ဗကသ အပါအဝင် အချို့ ကျောင်းသားသမဂ္ဂများနှင့် သွေးကွဲစေရန် စင်ပြိုင် ဖွဲ့စည်းခြင်းဖြစ်ကြောင်း အချို့သမဂ္ဂများက လက်ခံ ယုံကြည်သည်။

ထို့ကြောင့် အုပ်ချုပ်သူ အစိုးရနှင့် မသက်ဆိုင်သော်ငြား အစိုးရသစ် လက်ထက်ရောက်မှ ကျောင်းသားသမဂ္ဂများ သဘောထား ကွဲလွဲမှု၊ မတိုက်ဆိုင်မှုက ပိုများသည်။

ဖေဖော်ဝါရီလကုန်က ကျောင်းသား မျိုးဆက် အသီးသီး ပါဝင်သည့် တကသ အဆောက်အအုံ ပြန်ဆောက်ရေး ကော်မတီ ဖွဲ့စည်းရန် ဆွေးနွေးမှုတွင်လည်း လက်ရှိအစိုးရ၊ ဗကသ ဦးဆောင်သည့် သမဂ္ဂများကြား သဘောထား ကွဲ၍ ကော်မတီ ဖွဲ့စည်းရေးပင် မအောင်မြင်သေးပေ။

ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှုများ နှစ်နှစ်ကြာပြီနောက် အခြေအနေများသည် ယခုကဲ့သို့ဖြစ်သည်။

ယခင် အစိုးရလက်ထက်တုန်းကပင် ဒီမိုကရေစီ ပညာရေး လက်တွဲ သပိတ်မှောက်ခဲ့ကြသည့် ကျောင်းသားများ နှစ်နှစ်ကြာသည့်အချိန် သဘောထား မတိုက်ဆိုင်မှုများက ပိုများလာသည်။

အရှင်းဆုံးဆိုရလျှင် ဗကသများ အဖွဲ့ချုပ်က အစိုးရပြောင်းလဲသည့်တိုင် စစ်အာဏာရှင်စနစ်သည် ပုံစံပြောင်း၍ ဆက်လက် တည်ရှိနေသေးကြောင်း တကသ အဆောက်အအုံ ပြန်ဆောက်ရေးကိစ္စ သဘောထား ထုတ်ပြန်ချက်တွင် အတိအလင်း ဖော်ပြသည်။

နကသတွင် ပါဝင်သည့် တကသများကမူ  ပြည်သူ ရွေးကောက်သည့် အစိုးရဖြစ်၍ ပညာရေး ပြောင်းလဲမှု ဝိုင်းဝန်း ကူညီရန် တကသ ကျောင်းသားများက ပြောဆိုသည်။

သို့သော် သေချာသည်က ယခုအချိန်အထိ ဒီမိုကရေစီ ပညာရေး မရသေး။ ပညာရေးမူဝါဒ အပြောင်းအလဲ သိသာထင်ရှားမှု မရှိသေးကြောင်း ဗကသများ အဖွဲ့ချုပ် ဗဟိုလုပ်ငန်း ကော်မတီဝင် ကိုအောင်ထက်အောင်က ပြောဆိုသည်။
 
မနက်ဖြန် လက်ပံတန်းမြို့ အောင်မြေဗိမာန်ကျောင်းတွင် ကျောင်းသားသပိတ် ဖြိုခွဲခံရခြင်း နှစ်နှစ်ပြည့် အခမ်းအနားကို ယနေ့(မတ်လ ၁၀ ရက်) ကျင်းပဖို့ရှိတယ် ဟု ကိုမင်းသွေးသစ်က ပြောကြားသည်။

ထိုအခမ်းအနားတွင် ရိုက်နှက်ဖမ်းဆီးခံရသူများက ၎င်းတို့၏ အတွေ့အကြုံများကို ပြောကြားကြမည်ဖြစ်သည်။

ထို့ပြင် ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ တောင်းဆိုခဲ့သည့် တောင်းဆိုချက် ၁၁ ချက်ကို ဆက်လက် ကိုင်စွဲထားကြောင်းနှင့် အဆိုပါဖြစ်စဉ်တွင် တာဝန်ယူခဲ့သူ၊ ပါဝင်သူ အုပ်ချုပ်ရေး အာဏာပိုင်များကို တရားစွဲဆိုရေး ကော်မတီ ဖွဲ့စည်းရန် ညှိနှိုင်းကြမည်ဖြစ်သည်။

လက်ရှိအချိန်အထိ ကျောင်းသားများ တောင်းဆိုသည့် ၁၁ ချက်အနက် အလယ်တန်းအထိ အခမဲ့ပညာရေးစနစ် ကျင့်သုံးမှုကိုရရှိပြီး ကျန်ရှိသော အချက်အလက်များမှာမူ အနည်းငယ်သာ ရရှိသေးကြောင်း ကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ်က ပြောကြားသည်။

ထို့ကြောင့် ဗကသ ကျောင်းသားများ အနေနှင့် ပညာရေး ပြုပြင်ပြောင်းလဲမှု အခြေအနေများကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရသစ် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခွင့်ရရန် ကြိုးပမ်းမည်ဖြစ်ကြောင်း ပြောဆိုသည်။ 

လက်ရှိ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီဝင် ကိုအောင်ထက်အောင်က 

“အစိုးရ အနေအထားအရ တောင်းဆိုတဲ့ပုံစံတော့ ပြောင်းတယ်ပေါ့။ သပိတ်ကတော့ ဆက်မှောက်ထားဆဲပါပဲ”

နေဇာကျော်