News

POST TYPE

LATEST NEWS POST

အကြမ်းဖက်ဖြစ်စဉ် တပ်မတော် သတင်းစာရှင်းမည်
26-Feb-2017 tagged as အကြမ်းဖက်


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့၌  အကြမ်းဖက် စီးနင်းတိုက်ခိုက်ခံခဲ့ရသော ဖြစ်စဉ်များနှင့်ပတ်သက်၍ တပ်မတော်က သတင်းစာ ရှင်းလင်းသွားမည်ဖြစ်ကြောင်း ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယခုသတင်းစာ ရှင်းလင်းပွဲသည် NLD အစိုးရလက်ထက်၌ တပ်မတော်က ပထမဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်သည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲကို နေပြည်တော်ရှိ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) ဘုရင့်နောင်ရိပ်သာ၌ ဖေဖော်ဝါရီ ၂၈ ရက် မွန်းလွဲ ၂ နာရီတွင် ကျင်းပသွားမည်ဖြစ်သည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများတွင် နယ်ခြားစောင့် ရဲစခန်းများကို အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုဖြစ်စဉ်နှင့် နိုဝင်ဘာလအတွင်း အရှေ့မြောက်ဒေသရှိ မုံးကိုးဖြစ်စဉ်နှင့် ပတ်သက်သော ကိစ္စရပ်များကို တပ်မတော်မှ ရှင်းလင်း ပြောဆိုသွားမည်ဖြစ်ကြောင်း ကက(ကြည်း)မှ ဖေဖော်ဝါရီ ၂၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

တပ်မတော်က သတင်းစာ ရှင်းလင်းရန် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၊ မြန်မာဂျာနယ်လစ် ကွန်ရက် မြန်မာနိုင်ငံ နိုင်ငံခြား သတင်းထောက်များအသင်း၊ မြန်မာနိုင်ငံ သတင်းစာ ဆရာများအသင်း၊ နေ့စဉ်ထုတ် သတင်းများ၊ ဂျာနယ်များ၊ ပြည်တွင်း ရုပ်မြင်သံကြား သတင်းဌာနများ၊ ပြည်တွင်း၊ ပြည်ပ သတင်းဌာနများ တက်ရောက်ရန် ဖိတ်ကြားထားသည်။

သတင်းစာ ရှင်းလင်းပွဲ၌ သတင်း မီဒီယာ ကိုယ်စားလှယ်များအနေဖြင့် တစ်ဦးလျှင် မေးခွန်းတစ်ခုသာ မေးမြန်းခွင့်ရရှိမည် ဖြစ်သော်လည်း ရှင်းလင်းသည့် အကြောင်းအရာနှင့် ပတ်သက်ခြင်း မရှိသော အကြောင်းအအရာများကို မေးမြန်းခြင်းမပြုရန်လည်း ယင်းသတင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

J-07