News

POST TYPE

LATEST NEWS POST

ကျိုက်မရော အကျဉ်းထောင်တွင် အကျဉ်းသားတစ်ဦး ရုတ်တရက် သေဆုံး
17-Feb-2017 tagged as

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၆

မွန်ပြည်နယ်ရှိ ကျိုက်မရော အကျဉ်းထောင် (မော်လမြိုင်)တွင် အကျဉ်းသားတစ်ဦး ရုတ်တရက် သေဆုံးမှု ဖြစ်ပွားသည်ဟု ကျိုက်မရော အကျဉ်းထောင် (မော်လမြိုင်) မှ သိရသည်။

သေဆုံးသူမှာ မော်လမြိုင်မြို့ မြိုင်သာယာရပ်ကွက်နေ ဦးကျော်မြဦး ၅၇ နှစ်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၂ နာရီ ၄၅ မိနစ်ခန့်က ကျိုက်မရော အကျဉ်းထောင် (မော်လမြိုင်) အိပ်ဆောင်အမှတ် (၆)၊ အောက်အခန်းတွင် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

“ရင်ခွဲရုံမှာလည်း စစ်ဆေးပြီးသွားပြီ၊ တခြားကိစ္စကြောင့် သေဆုံးတာ မဟုတ်ပါဘူး၊ သွေးတိုးရောဂါ ရှိတော့ အိပ်နေရင်းနဲ့ သေတဲ့သဘောပါ၊ အကျဉ်းထောင်မှာ ကျန်းမာရေး စစ်ဆေးမှု ပုံမှန် လုပ်ပေးပါတယ်၊ မကျန်းမာရင် ထောင်ဆရာဝန်ပြလို့ ရတယ်”ဟု ကျိုက်မရော အကျဉ်းထောင် (မော်လမြိုင်) မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းစိုးက ပြောသည်။

အိပ်ဆောင်အတွင်း အကျဉ်းသားတစ်ဦး သေဆုံးနေကြောင်းကို ကျိုက်မရော အကျဉ်းထောင် (မော်လမြိုင်)မှ မော်လမြိုင်မြို့မ ရဲစခန်း စခန်းမှူး ဒုရဲမှူးမောင်မောင်ထံ အကြောင်းကြားခဲ့ပြီး မော်လမြိုင်မြို့နယ် တရားသူကြီး ဦးစိုးမင်း၊ မြို့မရဲစခန်းမှူး ဒုရဲမှူးမောင်မောင်နှင့် တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ ဦးကျော်မြဦးမှာ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မရှိဘဲ သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် မော်လမြိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ဦးကျော်မြဦး၏ ရုပ်အလောင်းအား မှုခင်းဆရာဝန်ကြီး ဒေါက်တာ မိုးမောင်မောင်က စစ်ဆေးရာတွင် ရုတ်တရက် နှလုံးခုန် ရပ်သွား၍ သေဆုံးခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ပါရှိသည်။

ဦးကျော်မြဦး သေဆုံးခြင်းနှင့်ပတ်သက်ပြီး မော်လမြိုင်မြို့မ ရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် (၁/၂၀၁၇) ဖြင့်  အရေးယူ ဆောင်ရွက်လျက်ရှိသည်။

Dawei Watch

  • TAGS