News

POST TYPE

LATEST NEWS POST

ဗီတာမင်ဒီ ဆေးပြားများက အအေးမိတုတ်ကွေးကို တားဆီးနိုင်
17-Feb-2017 tagged as ကျန်းမာရေး

လန်ဒန်၊ ဖေဖော်ဝါရီ ၁၆

ဗီတာမင်ဒီ ဖြည့်စွက်ဆေးပြားများသည် ဗြိတိန်နိုင်ငံတွင် နှစ်စဉ် လူသုံးသန်းခန့်ကို အအေးမိတုပ်ကွေး ဝေဒနာမှ သက်သာရာ ရစေသည်ဟု သုတေသန ပညာရှင်များက ပြောကြားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

နေရောင်ခြည်မှ ရရှိနိုင်သော ဗီတာမင်ဒီသည် အရိုးများ ကျန်းမာရေးအတွက် သာမကဘဲ ခုခံအားစနစ် အတွက်လည်း အရေးကြီးသည်။ 

အစားအစာများတွင် ဗီတာမင်များ အားဖြည့်ပါဝင်သင့်သည်ဟု ဗြိတိန်ဆေးပညာဂျာနယ်မှ ဆောင်းပါးရှင်များက ပြောကြားသည်။

ခုခံအားစနစ်သည် ဗက်တီးရီးယားနှင့် ဗိုင်းရပ်စ်များတွင် အပေါက်များ ဖောက်ပေးသည့် Antimicrobial လက်နက်များ ပြုလုပ်ရာတွင် ဗီတာမင်ဒီကို အသုံးပြုသည်။ 

ဗီတာမင်ဒီသည် နေရောင်ခြည်အောက်တွင် အရေပြား၌ ဖြစ်ပေါ်သော်လည်း လူများစုမှာ ဆောင်းရာသီ ကာလများတွင် နေရောင်ခြည် ရရှိမှု နည်းပါးကြသည်။

ရောဂါကူးစက်မှုများကို ဗီတာမင်ဖြည့်စွက်စာ အသုံးပြု၍ တားဆီးခြင်းကို စမ်းသပ်ရာတွင် သီးခြားစမ်းသပ်မှု ၂၅ ခုမှ လူပေါင်း ၁၁၃၂၁ ဦး၏ ရလဒ်များကို စုပေါင်း၍ တိကျသော အဖြေထုတ်ရန် သုတေသန ပညာရှင်များက ကြိုးစားခဲ့ကြသည်။

၎င်းလေ့လာမှုတွင် ဗီတာမင်ဒီ ဖြည့်စွက်စာ သောက်သုံးသူ ၃၃ ဦးတိုင်းတွင် တစ်ဦးသည် တုပ်ကွေးကူးစက်မှုမှ သက်သာရာရကြောင်း တွေ့ရှိခဲ့ရာ တုပ်ကွေးကာကွယ်ဆေးထိုးသူ ၄၀ ဦးတိုင်း တွင် တစ်ဦး သက်သာရာရသော ရလဒ်ထက် ပိုမိုထိရောက်မှု ရှိကြောင်းကို ပြသနေသည်။

ထို့ပြင် နေ့စဉ်၊ အပတ်စဉ် သောက်သုံးသူများက တစ်လတစ်ကြိမ် ပမာဏများများ သောက်သုံးသူများထက် ပိုမိုအကျိုးရှိသည်ဟု ပညာရှင်များက ပြောကြားကြသည်။

ဆောင်းရာသီတွင် အရိုးနှင့် ကြွက်သားများ ကျန်းမာရေးအတွက် ဗီတာမင်ဒီ ဖြည့်စွက်ဆေးကို လူတိုင်းသောက်သုံးကြရန် အင်္ဂလန် လူထုကျန်းမာရေးဌာနက အကြံပြုထားသည်။ နေရောင်ခြည် မရသူများမှာမူ တစ်နှစ်ပတ်လုံး မှီဝဲသင့်သည်ဟု ပညာရှင်များက ပြောကြားသည်။

သို့သော် ယခုတွေ့ရှိချက်များသည် လုံလောက်သော အထောက်အထားများ မဟုတ်သေးဟု အချို့ဆေးပညာရှင်များက စောဒကတက်ကြသည်။

အမျိုးသားကျန်းမာရေး သုတေသနအဖွဲ့ကမူ ယခုတွေ့ရှိချက်များသည် ဆက်လက်ငြင်းခုံ ဆွေးနွေးမှုများ ပြုလုပ်ရန် ထိုက်တန်သော ရလဒ်များ ဖြစ်သည်ဟု ပြောကြားသည်။

ထို့ပြင် နွားနို့တွင် အာဟာရဖြည့်စွက်မှု ပြုလုပ်လေ့ရှိသော အမေရိကန်ပြည်ထောင်စုတွင် ဗီတာမင်ဒီကို ဖြည့်စွက်စေလိုသည်ဟု သုတေသနအဖွဲ့က ပြောကြားသည်။          

F-04