News

POST TYPE

LATEST NEWS POST

ထရမ့်၏ သဘောထားကြောင့် ရေနံ၊ ဓာတ်ငွေ့ကဏ္ဍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မထိခိုက်ဟု အီရန် ပြောကြား
17-Feb-2017 tagged as ဒေါ်နယ်ထရမ့်

တီဟီရန်၊ ဖေဖော်ဝါရီ ၁၆

နျူကလီးယား သဘောတူညီချက်နှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ တင်းမာသော သဘောထားသည် အီရန်နိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပေါ် ထိခိုက်နိုင်ခြင်း မရှိသော လှန့်လုံးသာ ဖြစ်သည်ဟု အီရန် ဒုတိယစွမ်းအင်ဝန်ကြီးက ပြောကြားလိုက်ကြောင်း VOA သတင်းတွင် ဖော်ပြထားသည်။

ဗုဒ္ဓဟူးနေ့က ဂျာမနီနိုင်ငံတွင် ကျင်းပသော အီရန်ဓာတ်ငွေ့လုပ်ငန်း လက်တွဲဖော်များ ထိပ်သီးဆွေးနွေးပွဲတွင် ဒုဝန်ကြီး အေမား ဟော်စိန် ဇာမန်နီနီးယားက ထိုသို့ ပြောကြားခြင်း ဖြစ်သည်။

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်များကို ပိုင်ဆိုင်သော အီရန်သည် ကမ္ဘာ့ဈေးကွက်တွင် ၁ ရာခိုင်နှုန်းမျှသာ ရောင်းချပေးနိုင်ပြီး မနှစ်က နျူကလီးယား သဘောတူညီချက်ကြောင့် အီရန်အပေါ် အရေးယူပိတ်ဆို့မှု အချို့ကို အနောက်အုပ်စုက ရုပ်သိမ်းပြီး နောက်တွင် စွမ်းအင်ကဏ္ဍ ပြန်လည်တည်ဆောက်ရေး အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ရှာဖွေလျက်ရှိသည်။

ဇာမန်နီနီးယားက ဝါရှင်တန်၏ နိုင်ငံရေးအရွေ့ကြောင့် ဖြစ်ပေါ်လာသော မရောရာမှုများကို ကျော်လွှားနိုင်မည် ဖြစ်ကြောင်း၊ ဒေါ်လာ ၇၀ ဘီလီယံ တန်ဖိုးရှိ ကန်ထရိုက် စာချုပ်များကို ရရှိနိုင်ကြောင်းနှင့် မတ်လကုန်မတိုင်မီ တင်ဒါခေါ်မည် ဖြစ်ကြောင်း ပြောကြားသည်။

သို့ရာတွင် ထရမ့် အာဏာရလာခြင်းသည် အီရန်၏ အစီအစဉ်များအပေါ် လောင်းရိပ်မိုးလျက် ရှိသည်။ အိုဘားမား အစိုးရလက်ထက်က ညှိနှိုင်းခဲ့သော နျူကလီးယား သဘောတူညီချက်သည် အလွန်ဆိုးဝါးသောကြောင့် ဖျက်သိမ်းမည်ဟု သမ္မတထရမ့်က ဗုဒ္ဓဟူးနေ့တွင် ထပ်မံပြောဆိုခဲ့သည်။

ပြင်သစ်ရေနံကုမ္ပဏီ Total ကလည်း အီရန်အပေါ် အရေးယူ ပိတ်ဆို့မှုများကို ဝါရှင်တန်က ပြန်လည်သုံးသပ်မည့် ဧပြီလနှင့် မေလအထိ ရင်းနှီးမြှုပ်နှံမှုများကို ဆိုင်းငံ့ထားမည်ဟု ယခုလအတွင်း ပြောကြားခဲ့သည်။

လောလောဆယ်တွင် ဥရောပနှင့် အာရှရေနံကုမ္ပဏီများက အီရန်စွမ်းအင်ကဏ္ဍသို့ ဦးဆောင်ဝင်ရောက်နေကြသည်။ ဗြိတိန်ရေနံကုမ္ပဏီ Shell က အီရန်တွင် ရေရှည်ရင်းနှီးမြှုပ်နှံလိုသည်ဟု ပြောဆိုထားပြီး အီရန်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး နီကိုလပ်စ် ဟော့ပ်တန်ကလည်း ‘ဗြိတိန်နှင့် အီရန်အကြား နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းစေမည့် ရေနံ၊ ဓာတ်ငွေ့ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ရေးကို မျှော်လင့်သည်’ ဟု ဒီဇင်ဘာလအတွင်းက သတင်းထောက်များကို ပြောကြားခဲ့သည်။

ဟူစတန်တက္ကသိုလ်မှ စွမ်းအင် ဈေးကွက်အကဲခတ် လေ့လာသူ ခရိတ်ပီရွန်က “ဥရောပ တိုင်းပြည်များသည် ဓာတ်ငွေ့ဝယ်ယူရေးတွင် ရုရှားထက် အီရန်က ယုံကြည်စိတ်ချရဖွယ် ရှိသည်ဟု ရှုမြင်ကြကြောင်း၊ ဓာတ်ငွေ့အတွက် ရုရှားအပေါ် မှီခိုနေရသောအဖြစ်မှ ရုန်းထွက်လိုကြကြောင်း” မှတ်ချက်ပေးသည်။ 
အီးယူ ၂၈ နိုင်ငံသည် လိုအပ်သော ဓာတ်ငွေ့ သုံးပုံတစ်ပုံကျော်ကို ရုရှားထံမှ  ဝယ်ယူနေကြရသော်လည်း ဓာတ်ငွေ့ပိုက်များ ဖြတ်သန်းရသည့် ယူကရိန်းနှင့် ရုရှားအကြား ဈေးနှုန်းအငြင်းပွားမှုကြောင့် လက်ရှိနှစ်ပိုင်းများအတွင်း မကြာခဏ ဓာတ်ငွေ့တင်ပို့မှု ပြတ်တောက်ခဲ့သည်။

အီးယူ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ ဖက်ဒရစ်ကာ မိုဂါရီနီ၏ မကြာသေးမီက ဝါရှင်တန် ခရီးစဉ်တွင် အီရန်နျူသဘောတူညီချက် JCPOA အပေါ် အမေရိကန်အစိုးရက လက်ခံလိုက်နာမည်ဟု အာမခံချက် ရရှိခဲ့ခြင်းသည် ရင်းနှီးမြှုပ်နှံသူများကို စိတ်သက်သာရာ ရစေသည်ဟု အီရန်စွမ်းအင်ဝန်ကြီးက ပြောကြားသည်။

သို့ရာတွင် ပထဝီ နိုင်ငံရေးအရွေ့သစ်တွင် အီရန်နေနှင့် ၎င်းင်း၏ ရေနံဓာတ်ငွေ့ကဏ္ဍသည် ဘေးကင်းလုံခြုံကြောင်း အာမခံရေးသည် စိန်ခေါ်မှုတစ်ခု ဖြစ်နေသည်။ အထူးသဖြင့် အမေရိကန် ကုမ္ပဏီများအတွက် နျူသဘောတူညီချက်ဆိုင်ရာ ကိစ္စရပ်များအပြင် အီရန်အပေါ် အခြားအရေးယူပိတ်ဆို့မှုများ ရှိနေဆဲ ဖြစ်သောကြောင့် အီရန်စွမ်းအင်ကဏ္ဍသို့ ဝင်ရောက်ရန် မလွယ်ကူဘဲ စကားပြောဆိုနေဆဲ အဆင့်သာ ရှိသေးသည်။          

F-04