News

POST TYPE

LATEST NEWS POST

သားဖွားဆရာမ နှစ်သောင်းကျော် လိုအပ်
17-Feb-2017 tagged as ကျန်းမာရေး

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၆

မြန်မာနိုင်ငံရှိ  ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲများရှိရာ ကျေးရွာတစ်ခုစီတွင် သားဖွားဆရာမ တစ်ဦးနှုန်း တာဝန်ချထားနိုင်ရန် သားဖွားဆရာမ နှစ်သောင်းခန့် လိုအပ်နေပြီး ယင်းအရေအတွက် ပြည့်စုံနိုင်ရန် ၁၅ နှစ်ခန့် စောင့်ရမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

ယနေ့ (ဖေဖော်ဝါရီ ၁၆) ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရခိုင်ပြည်နယ် ရသေ့တောင် မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေက ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲ မရှိသေးသည့် သင့်တော်သော ကျေးရွာတိုင်းတွင် သားဖွားဆရာမတစ်ဦးစီ ခန့်အပ်ထားနိုင်ခြင်းရှိ မရှိ မေးမြန်းခဲ့ပြီး ၎င်းက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ကျေးလက်ဒေသများတွင် ကိုယ်ဝန်ဆောင်များနှင့် ပတ်သက်သော ကျန်းမာရေး ပြုစုစောင့်ရှောက်မှု လိုအပ်ချက်များစွာ ရှိနေသောကြောင့် မသေသင့်ဘဲ သေဆုံးမှုနှင့် ရောဂါဖြစ်ပွားမှုများ ရှိနေသောကြောင့် သားဖွားဆရာမ များစွာ လိုအပ်နေကြောင်း ဒေါ်ခင်စောဝေက ဆိုသည်။

နိုင်ငံအတွင်း ကျေးရွာပေါင်း ခုနစ်သောင်းခန့် ရှိနေပြီး သားဖွားဆရာမ ၁၂,၂၉၅ ဦးသာ ခန့်အပ်ထားနိုင်သောကြောင့် ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲများတွင် လစ်လပ်လျက်ရှိသော အခြေခံကျန်းမာရေး ဝန်ထမ်းများကို ပထမဆုံး ဦးစားပေး အနေနှင့် ခန့်အပ်နေရကြောင်း ဝန်ကြီးက ရှင်းပြသည်။

ကျန်းမာရေး ဝန်ကြီးဌာန လက်အောက်ရှိ တိုင်းနှင့်ပြည်နယ် အသီးသီးတွင် သားဖွားသင်တန်းကျောင်း ၂၂ ကျောင်း ရှိနေသော်လည်း သားဖွားဆရာမတစ်ဦး ဖြစ်လာရန် ၁၈ လ သင်တန်းတက်ရကြောင်း၊ ယင်းသင်တန်းကျောင်းတို့မှ ၂၀၁၇ နှစ်တွင် ၁၃၈၇ ဦးနှင့် ၂၀၁၈ တွင် ၁၂၉၇ ဦးသာ ထွက်ရှိမည် ဖြစ်သောကြောင့် အဆိုပါ ထွက်ရှိလာမည့် ဆရာမဦးရေ အရေအတွက်နှင့် တွက်ချက်ကြည့်ပါက ပြည့်စုံမှု ရရှိရန် ၁၅ နှစ်ခန့်ကြာမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ခုဆိုရင် သားဖွားဆရာမ သင်တန်းမှာ ဒီပလိုမာသင်တန်း ဖြစ်သွားတာကြောင့် ၁၅ နှစ်ထက်တောင် ပိုကြာဦးမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ယင်းကဲ့သို့ လိုအပ်ချက်များ ရှိနေသောကြောင့် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးများအတွက် ကျန်းမာရေး ဝန်ဆောင်မှုပေးရန်  အခြေခံကျန်းမာရေး လုပ်သားများ ဖြစ်လာစေရန် ဌာနအတွင်း မွမ်းမံသင်တန်းများကို တိုင်းနှင့်ပြည်နယ်အလိုက် ၂၀၁၇ မတ်လမှစ၍ ဖွင့်လှစ်ရန် စီစဉ်ထားပြီ ဖြစ်ကြောင်း၊ ယခု (၂၀၁၆-၂၀၁၇) ဘဏ္ဍာနှစ် မကုန်မီ၌လည်း သားဖွားဆရာမ ၁၉၅၆ ဦးကို ခန့်အပ်ရန် အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

သားဖွားသင်တန်းကျောင်းပေါင်း ၂၂ ကျောင်းတွင် (ချင်းပြည်နယ်မှလွဲ၍) ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် တက္ကသိုလ်ဝင်တန်း (ဆယ်တန်း) အောင်မြင်ပြီးသူများကို ဒေသအလိုက် သင်တန်းပေးမည်ဖြစ်ပြီး သင်တန်းသူများကို လစဉ် သုံးသောင်းကျပ် ထောက်ပံ့၍ သင်တန်းပြီးပါက ဇာတိမြေနှင့် အနီးစပ်ဆုံး နေရာများတွင် နေရာချထား ခန့်အပ်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောသည်။