News

POST TYPE

LATEST NEWS POST

ပြင်ဆင်သည့်နည်းလမ်း မမှန်၍ သက်ငယ်မုဒိမ်းမှု ပြင်ရေးအဆို ဆွေးနွေးမှု ရပ်ဆိုင်း
နေပြည်တော်၊ ဖေဖော်ဝါရီ ၂ 

ရသေ့တောင် မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေ တင်သွင်းသည့် သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများကို သေဒဏ်ချမှတ်ပေးရန်အတွက် ၁၈၆၁ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ရာဇသတ်ကြီးကို ပြင်ဆင်သည့် ဥပဒေကြမ်းအား လက်ခံဆွေးနွေးရန် အဆိုမှာ ပြင်ဆင်သည့် နည်းလမ်းမမှန်၍  ဆက်လက်ဆွေးနွေးခွင့် ရပ်ဆိုင်းလိုက်သည်။

ယင်းအဆိုကို ယနေ့ (ဖေဖော်ဝါရီ ၂) ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့ခြင်းဖြစ်ပြီး မူလဥပဒေ အင်္ဂလိပ်ဘာသာ ပြဋ္ဌာန်းချက်ကို မြန်မာဘာသာဖြင့် ပြင်ဆင်ချက် တင်သွင်းချက် ဖြစ်သောကြောင့် ပြင်ဆင်ရေးနည်းလမ်း မမှန်ကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြသိန်းက ထောက်ပြပြောဆိုသဖြင့် ဆက်လက်ဆွေးနွေးရန် မဖြစ်နိုင်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြေညာခဲ့ခြင်း ဖြစ်သည်။ 

“အင်္ဂလိပ် ဘာသာဖြင့် ပြဋ္ဌာန်းထားခြင်း ဖြစ်၍ ပြင်ဆင်ပါက အင်္ဂလိပ် ဘာသာဖြင့် ပြင်ဆင်ချက် ပြုခြင်းက မူရင်းပြဋ္ဌာန်းချက်မှာ ထည့်သွင်းပြင်ဆင်မှ အဆင်ပြေနိုင်မယ်” ဟု ဦးဝင်းမြင့်က ထောက်ပြသည်။ 

ဒေါ်ခင်စောဝေ၏ ပြင်ဆင်ချက်တွင် “မည်သူမဆို အသက် ၁၆ နှစ်အောက် မိန်းကလေးတစ်ဦးအား မုဒိမ်းမှုကျူးလွန်လျှင် တစ်သက်တစ်ကျွန်းဒဏ် ဖြစ်စေ သေဒဏ်ဖြစ်စေ ပြစ်ဒဏ်ချမှတ်နိုင်သည်။ မည်သူမဆို လူနှစ်ဦးနှင့်အထက် ဝိုင်းဖွဲ့၍ မှ အသက် ၁၆ နှစ်အောက်အရွယ် မိန်းကလေးတစ်ဦးအား မုဒိမ်းမှု ကျူးလွန်လျှင် သေဒဏ်ချမှတ်ရမည် ဆိုသည့် စကားရပ်များနှင့် အစားထိုးရမည်” ဟူ၍ ဖြစ်သည်။

သက်ငယ်မုဒိမ်းမှုများကို မြို့နယ်တရားရုံးတွင် အထူးအာဏာ မရရှိသည့် တရားသူကြီးများက ပြစ်ဒဏ်ချမှတ်ရာတွင် ထောင်ဒဏ် ၇ နှစ် အထိသာ ချမှတ်နိုင်သောကြောင့် အထူးအာဏာဖြင့် ထိရောက်သော ပြစ်ဒဏ်ချနိုင်သော ခရိုင်တရားရုံးသို့ တင်သွင်းတရားစွဲဆိုရန် တရားရုံးများသို့ ညွန်ကြားထားပြီ ဖြစ်ကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြသိန်းက ဆိုသည်။
လွှတ်တော်မှ အဆိုကို လက်ခံဆွေးနွေးရန် လက်မခံသောကြောင့် ဥပဒေပညာရှင်များ အကူအညီဖြင့် အင်္ဂလိပ်ဘာသာဖြင့် ပြင်ဆင်ချက် တင်သွင်းရန် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဒေါ်ခင်စောဝေက The Voice သို့ ပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှုခင်းဌာနထံမှ စုံစမ်းချက်အရ ၂၀၁၁ ခုနှစ်အတွင်း မုဒိမ်းအမှုပေါင်း ၆၈၂ ခု ဖြစ်ပေါ်ခဲ့သည့်အနက် သက်ငယ်မုဒိမ်းမှုမှာ ၂၃၀ မှု ဖြစ်ခဲ့ပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီ တစ်ရက်နေ့မှ အောက်တိုဘာ ၃၁ ရက်နေ့အထိ ဆယ်လအတွင်းမှာ မုဒိမ်းအမှုပေါင်း ၇၆၀ ရှိသည့်အနက် သက်ငယ်မုဒိမ်းမှု ၃၈၀ ရှိခဲ့ကြောင်း ဒေါ်ခင်စောဝေက ဆိုသည်။ 

S- 01